3 May 2022 By MPA
မြန်မာနိုင်ငံကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအတွင်း သတင်းရယူခွင့်များအတွက် မီဒီယာသမားများ၏ အခန်းကဏ္ဍက ပိုမိုပြီး ကျပ်တည်းလာခဲ့သည်။
ယင်းအခြေအနေများအတွက် လက်ရှိမြန်မာနိုင်ငံကို စစ်အာဏာသိမ်းထားသည့် အာဏာရှင်များလက်ထက်တွင် မီဒီယာသမားများ၏အဖြစ်သည် ကာလယန္တရားစက်ကြီးတစ်ခု၏ ဆယ်စုနှစ်တစ်ခုစာမက နောက်ပြန်ဆွဲခေါ်သွားခြင်းကို ခံလိုက်ရသည့်အဖြစ်နှင့်တူကြောင်း ဖရန်တီးယားမြန်မာသတင်းဌာန၏ တာဝန်ခံအယ်ဒီတာ သောမဆင်ချောင်းက U.S Embassy Rangoon နှင့် အင်တာဗျူးတွင် ဖြေကြားခဲ့သည်။
မြန်မာနိုင်ငံကို အကြမ်းဖက်စစ်တပ်၏ အာဏာသိမ်းပြီး ကာလများတွင် ၎င်းတို့အားဆန့်ကျင်သည့် မည်သည့် ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်း လူအခွင့်အရေးချိုးဖောက်မှုများနှင့်အတူ မတရားဖမ်းဆီး နှိပ်စက်မှုတွေကိုသာ တရစပ်လုပ်ဆောင်ခဲ့သည်။
အကြမ်းဖက်မြန်မာစစ်တပ်၏ လက်ထက် မြန်မာနိုင်ငံသည် အဖက်ဖက်က ယို့ယွင်းလာခဲ့ပြီး သေဆုံးသူ၊ မတရား ဖမ်းဆီး ချုပ်နှောင်ခံရသူ၊ မိမိပိုင်ဆိုင်သည့် အိုးအိမ်ပစ္စည်းများပါ အာမခံချက်မရှိတော့ဘဲ ရှိခဲ့သည်။ ထိုဖြစ်ရပ်များထဲတွင် မီဒီယာသမားများ၏ အခန်းကဏ္ဍဟာလည်း ကျပ်တည်းခဲ့ပြီး သေဆုံးခဲ့သည့် သတင်းမီဒီယာသမား၊ ဖမ်းဆီးချုပ်နှောင်ခံရသည့် သတင်းမီဒီယာသမားများ ယနေ့တိုင် ရှိနေခဲ့သည်။
သတင်းမှန်ဖော်ပြခွင့်အတွက် မြန်မာနိုင်ငံအတွင်း ဆက်လက် ရပ်တည်ရန်မဖြစ်နိုင်တော့ဘဲ တော၊တောင်ထဲကနေတဆင့် သတင်းအဆက်မပြတ်အောင် တင်ဆက်နေကြသည့် မီဒီယာများရှိသလို အိမ်နီးချင်းထိုင်းနိုင်ငံအတွင်း ရှောင်ရှားကာ သတင်းများကို ဆက်လက်တင်ဆက်နေသည့် မီဒီယာများလည်း ရှိခဲ့သည်။
အကြမ်းဖက်စစ်တပ်လက်အောက် မြန်မာပြည်သူများအပြင် သတင်းမီဒီယာများပါ အဆင်ပြေပြေရပ်တည်နိုင်ဖို့ ခက်ခဲခဲ့ပြီး နယ်မြေသစ်များတွင် ကျပ်ကျပ်တည်းတည်း ရပ်တည်နေရသည်။
“မီဒီယာအဖွဲ့အစည်းတွေဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ လုပ်ငန်းလိုင်စင် ရုတ်သိမ်းခံရပြီး တခြားရွေးချယ်ခွင့် မရှိလို့ အဝေးရောက် မီဒီယာတွေအဖြစ် ဆက်လက်ရပ်တည်နေကြရတာပါ။ သိရသလောက် တချို့ဟာ တောထဲမှာပဲ ရှိနေတုန်းပါ။ သူတို့ထဲက တချို့တွေဟာ မြန်မာနိုင်ငံတလွှားအနယ်နယ်အရပ်ရပ်မှာ ပုန်းအောင်တိမ်းရှောင်ရင်း အလုပ်လုပ်နေကြတာဖြစ်ပြီး နေရေးထိုင်ရေး အခြေအနေတွေကတော့ အတော်ကို ဆိုးဝါးကြမ်းတမ်းပါတယ်။ သူတို့အတွက် ကျန်းမာရေး စောင့်ရှောက်မှုပိုင်းမှာ လစ်ဟင်းမှုတွေရှိနေပြီး ထောက်ပံ့မှုတွေ မရှိတာတွေကြောင့် အထူးသဖြင့် ကိုဗစ်ကာလအတွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေပါတယ်”ဟု ဖရန်တီးယားမြန်မာသတင်းဌာန၏ တာဝန်ခံအယ်ဒီတာ သောမဆင်ချောင်းက U.S Embassy Rangoon နှင့် အင်တာဗျူးတွင် ဖြေကြားခဲ့သည်။
အဆိုပါ အခြေအနေများကြောင့် လတ်တလောနေရေးထိုင်ရေးအခြေအနေများသည် လုပ်ငန်းခွင် စိန်ခေါ်မှုတွေကိုကျော်ပြီး ရေရှည်အတွက် ကြည့်လျှင် အဝေးရောက် မီဒီယာများနှင့် ပြည်တွင်းမှာ ရှိနေသည့် ဂျာနယ်လစ်တွေ၊ တောထဲရောက်နေသည့် သူများအတွက် လုံခြုံရေးတာဝန်ယူပေးရန်မှာ အတော်ရုန်းကန်ရမည့် အခြေအနေဖြစ်သည်ဟု သူက ထပ်ဆောင်းပြောကြားသည်။
ISP ၏ ဖော်ပြချက်အရ ပြီးခဲ့သည့် တစ်နှစ်ကျော်ကာလအတွင်း သတင်းသမား ၁၄၃ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး သတင်း မီဒီယာ လုပ်ငန်း ၁၁ ခုကို လိုင်စင်ပိတ်သိမ်းခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ဒီဇင်ဘာလအထိ သတင်းသမား ၁၃၂ ဦး ဖမ်းဆီးခံခဲ့ရသည်။
ထိုထဲက သတင်းသမား ၂၇ ဦး ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး ပစ်ခတ်မှုများကြောင့် တစ်ဦးနှင့် စစ်ကြောရေးမှာ တစ်ဦး သေဆုံးခဲ့သည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဧပြီလ ၂၁ ရက်အထိ သတင်းသမား ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး တစ်ဦး ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။
သတင်းသမား တဦးမှာ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ် တိုက်ပွဲဖြစ်ပွားနေသည့် ဒေသတွင်း ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့ရသည်။
ထို့အပြင် စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ မှ ဧပြီလအထိ သတင်းမီဒီယာသမား ၃၄ ဦးထက် မနည်းကို ဖမ်းဝရမ်း ထုတ်ခဲ့သည် ။
ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် သတင်းသမား ၁၄၃ ဦး ထဲက ၈၂ ဦးမှာ ပြန်လည်လွတ်မြောက်ခဲ့ပြီး ၅၈ ဦးမှာ ယခုအချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံထားရကာ သေဆုံးသူ ၃ ဦးရှိခဲ့သည်။
ထို ၅၈ ဦးထဲက ၁၉ ဦးသည် ထောင်ဒဏ်ချမှတ် ခံထားရပြီး ကျန် ၃၉ ဦး ထဲက အများစုသည် အကျဉ်းထောင်များထဲတွင် ဖမ်းဆီးခံထားရပြီး တနှစ်ကျော် ကြာမြင့်နေပြီဖြစ်သည်။
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သတင်းမီဒီယာသမားများကို “ဖမ်းဆီး ထောင်ချမှုအများဆုံး” နိုင်ငံတနိုင်ငံ ဖြစ်လာသည်ဟု သတင်းသမားများကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ) ၏ ၂၀၂၁ ခုနှစ် ဇူလိုင်မှာ ထုတ်ပြန်ခဲ့သည့် အထူးနှစ်လယ် ထုတ်ပြန်ချက်မှာ ရေးသားထားသည်။
၂၀၂၂ ခုနှစ် သတင်းလွတ်လပ်ခွင့်ကမ္ဘာ့အဆင့်တွင် မြန်မာနိုင်ငံသည် ထပ်မံကျဆင်းခဲ့ပြီး ကမ္ဘာ့အဆင့် ၁၇၆ ရောက်ရှိခဲ့ကြောင်း နယ်စီးမခြားသတင်းထောက်များအဖွဲ့ RSF ၏ထုတ်ပြန်ချက်အရ သိရှိရသည်။
#သတင်းသမား #အာဏာသိမ်း #MPA
Photo – MPA