ရန်ကုန်မြို့ရှိ ကမ်းနားလမ်းတစ်လျောက်တွင် အကြမ်းဖက်စစ်ကားများ ဥဩဆွဲကာ အရှိန်မြှင့်မောင်းနှင်လျက်ရှိကြောင်း ဒေသခံပြည်သူများက ပြောသည်။
ယင်းသို့ ဥဩဆွဲမောင်းနှင်မှုသည် ရန်ကုန်တွင် ဒုတိယအကြိမ်ဖြစ်ပြီး အင်းစိန်ထောင် ဝန်ထမ်းအိမ်ရာဗုံးပေါက်မှုကြောင့်ဖြစ်သည်ဟု အမည်မဖော်လိုသူ ရဲတစ်ဦးက ပြောသည်။
“ အင်းစိန်ဝန်းကျင်မှာကင်းချရမယ်လို့ အမိန့်ရထားတယ်။အင်းစိန်ထောင်၊ဝန်ထမ်းအိမ်ရာမှာ ဗုံးကွဲလို့ အကြမ်းဖက် စစ်ကောင်စီ ခေါင်းဆောင်တွေ တော်တော်နာနေပုံရတယ်”ဟု အမည်မဖော်လိုသူ ရဲတစ်ဦးက ပြောသည်။
ယနေ့ည ၉နာရီ၃၅မိနစ်တွင် ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်မှ ရဲမီးတန်း ကားတစ်စီး၊ DCအမျိုးအစားစစ်ကားနှစ်စီးသည် ဗားဂရာချောက်နားအရောက် ဥဩဆွဲ ဟွန်းရှည်တီးကာ အင်းစိန်ဘက်သို့ ကမ်းနားလမ်းတစ်လျောက်အရှိန်မြှင့်ကာ မောင်းနှင်သွားကြောင်း သိရသည်။
ယင်းအပြင် အလုံဘက်မှ ကမ်းနားလမ်းအတိုင်းမောင်းနှင်လာသည့် ရဲများပါသည့် Fawအမျိုးအစား စစ်ကားတစ်စီး၊DCအမျိုးအစား Faw ကားတစ်စီးတို့သည် ယနေ့ည၁၀နာရီ ၅မိနစ်အချိန်တွင် အင်းစိန်ဘက်တို့ ဥဩဆွဲဟွန်းရှည်တီးကာ ထပ်မံမောင်းနှင်သွားသည်။
“ သူတို့တော်တော်အရေးကြီးနေပုံရတယ်။ည၉နာရီလောက်ထဲက ကမ်းနားလမ်းငါးဈေးဘက်ကို မော်တော်ပီကယ်တွေလာပြီးလမ်းရှင်းနေတာ။ကိုးနာရီခွဲလောက်မှ ဥဩဆွဲသံကြားတာ”ဟု ကြည့်မြင်တိုင်မြို့နယ်၊ကမ်းနားလမ်းနေထိုင်သူ တစ်ဦးက ရှင်းပြသည် ။
ရန်ကုန်အခြေစိုက် ပျောက်ကျားတပ်ဖွဲ့တွေဖြစ်သည့် GOD အဖွဲ့နှင့် ပူးပေါင်းမဟာမိတ်တပ်များဖြစ်သည့် Free Tiger Ranger၊ SRF၊ Black Eagle တို့သည်ချိန်ကိုက်ဗုံးအသုံးပြုပြီး လှိုင်သာယာ၊ ရွှေလင်ဗန်းလျှပ်စစ်ရုံး၊ စက်မှုဇုန်လျှပ်စစ်ရုံးတို့ကို ယနေ့ည၇နာရီခွဲခန့်က အဝေးထိန်းမိုင်းစနစ်ဖြင့် ဖောက်ခွဲခဲ့ကြောင်း အဆိုပါအဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။
လှိုင်မြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်၊မြို့နယ်တရားရုံး နှင့် မြောက်ဒဂုံမြို့နယ်၊ကုန်ပဒေသာမှတ်တိုင်အနီးရှိ မြို့နယ်လျှပ်စစ်ရုံးတို့ကို ယနေ့ည ၈နာရီခန့် က မြေအောက်တော်လှန်ရေး အဖွဲ့တစ်ခုမှ ချိန်ကိုက်ဗုံးခွဲခဲ့ကြောင်း သိရသည်။
#MPA #ရန်ကုန် #ဗုံးပေါက်ကွဲ #Myanamr #အကြမ်းဖက်စစ်ကောင်စီ