အကြမ်းဖက်စစ်တပ်က နိုဝင်ဘာလ၂၅ရက်နေ့တွင် စစ်ကြောင်းနှစ်ခုခွဲပြီးကယား(ကရင်နီ)ပြည်နယ်အတွင်းသို့ ထိုးစစ်ဆင်လျက်ရာ ကရင်နီဒေသခံကာကွယ်ရေးတပ်ဖွဲ့များက အပြင်းအထန် ခုခံကာကွယ်နေကြကြောင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။
အကြမ်းဖက်စစ်တပ်သည် ငွေတောင်နှင့် လွိုင်ကော်ဘက်မှ စစ်အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာရာ ဒေသခံကာကွယ်ရေးတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
လက်နက်အင်အား ကွာခြားသဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အကြမ်းဖက်စစ်တပ်ကို ပြည်နယ်အတွင်းသို့ မဝင်နိုင်အောင် ဟန့်တား နိုင်သည့် အနေအထားမရှိသေးကြောင်း သိရသည်။
သို့ သော်လည်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးရာနေရာများတွင် ပျောက်ကြားနည်းဖြင့် ခုခံတိုက်ခိုက်နေ သဖြင့် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေကြခြင်းဖြစ်ကြောင်း သိရသည်။
ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDFမှ တာဝန်ရှိသူတစ်ဦးက “ အဓိကကလက်နက်အင်အားမမျှတဲ့ဟာက ကျနော်တို့စစ်ပွဲတွေမှာတော်တော်အထိနာတယ်လို့ပြောရမှာပဲ လက်နက် အင်အားမမျှတာ၊ လက်နက်ကျည် မမျှတာတွေကြောင့် တိုက်ပွဲတွေမှာအထိနာတာပေါ့” ဟု ပြောသည်။
ယနေ့ နံနက်ပိုင်းတွင် ဒေါပိုးစီးကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ်နှင့်ကရင်နီကာကွယ်ရေးတပ်များအကြား နှစ်နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်တွင် တိုက်ပွဲများရပ်နေပြီ ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ငွေတောင်ဘက်တွင် ဖြစ်ပွားသည့် တိုက်ပွဲ အခြေအနေကိုလည်း KNDFမှတာဝန်ရှိသူက ဆက်ရှင်းပြသည်။
“ ဒီနေ့နံနက်မှာ ငွေတောင်ဘက်ကနေ ထိုးတယ်။ လွိုင်ကော်ဘက်ကနေထိုးတယ်။ စစ်ကြောင်းနှ စ်ဖက်ထိုးတယ်။ သူတို့ ပထမလက်နက်ကြီးနဲ့ ပစ်တယ်။ လက်နက်ကြီးနဲ့ ပစ်ပြီးတော့မှ လက်နက်ငယ်တွေနဲ့ ပစ်တယ်”ဟု ၎င်းက MPAသို့ပြောသည်။
ပြီးခဲ့သည့်နိုဝင်ဘာလ၂၃ရက်နေ့ကလည်း ဒီးမော့ဆိုမြို့နယ် ဒေါပိုးစီးကျေးရွာတွင် နှစ်ကြိမ်၊ လွိုင်ကော်မြို့နယ် ပန်းကန်ရပ်ကွက်တွင် တစ်ကြိမ်နှင့် ဒီးမော့ဆိုမြို့နယ် ရဲစခန်းအနီးတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်မှ ၅ဦးသဆုံး ခဲ့သေးကြောင်း KNDFက သတင်းထုတ်ပြန်ထားသည်။
ကရင်နီပြည်နယ်တွင် အကြမ်းဖက်စစ်တပ်နှင့်ဒေသခံကာကွယ်ရေးတပ်များအကြား တိုက်ပွဲများဆက်တိုက် ဖြစ်ပွား လျက်ရှိနေသဖြင့် ဒေသခံများမှာ နီးစပ်ရွာကျေးရွာများနှင့် စစ်ဘေးရှောင်စခန်းများသို့ တိမ်းရှောင်နေကြရသည်။
#အကြမ်းဖက်စစ်တပ်၏ထိုးဖောက်မှုကို #ကရင်နီတပ်ဖွဲ့များအပြင်းအထန်ခုခံနေရ #MPA