နေပြည်တော်နှင့် မန္တလေး ဆန္ဒပြသပိတ်စစ်ကြောင်းတွေမှာဦးဆောင်ခဲ့သူ ဂေါ်ရခါးလူမျိုး ကိုလင်းပိုင်စိုး၊ မန္တလေးဆန္ဒပြသပိတ်စစ်ကြောင်းများတွင် ဦးဆောင်ခဲ့သူ ကိုငြိမ်းမင်းသန့် နှင့်CDM သူနာပြုဆရာမ မကြည်ကြည်ဝင်းတို့ နန်းတွင်းစစ်ကြောရေးအတွင်း ရောက်ရှိနေသည်မှာ ကိုးရက်ကျော်ကြာမြင့်နေပြီး အသက်အန္တရာယ် အထူးစိုးရိမ်နေရကြောင်း နေပြည်တော်ကျောင်းသားများသမဂ္ဂ ကသတင်းထုတ်ပြန်ထားသည်။
စက်တာဘာလ၃၀ရက်နေ့တွင်ကိုလင်းပိုင်စိုး၊ ကိုငြိမ်းမင်းသန့်နေအိမ်သို့လာရောက်လည်ပတ်သူမကြည်ကြည်ဝင်းတို့နှင့်အတူစစ်တပ်၏ ဖမ်းဆီးခြင်းခံခဲ့ချိန်စ၍လက်ရှိအချိန်ထိစစ်ကြောရေးတွင်သာရှိနေဆဲဖြစ်သည်။
ဂေါ်ရခါးလူမျိုးဖြစ်သည့်ကိုလင်းပိုင်းစိုးအပေါ်လည်း ကြမ်းတမ်းသောစကားလုံးများအပြင်” ေ-ာက်ကုလား ” အစရှိသည့် လူမျိုးရေးခွဲခြားသည့်အသုံးအနှုန်းများ၊ကိုးကွယ်ယုံကြည်မှုကိုစော်ကားသည့်အပြောအဆိုများ ဘာသာမတူလူမျိုးမတူခြင်းအပေါ် ရန်သူသဖွယ် လူမဆန်စွာ ရိုက်နှက်စစ်ဆေးနေပြီး ဖမ်းဆီးခံရသည့်အချိန်မှစ၍မိသားစုဝင်များနှင့်တွေ့ဆုံခွင့်မရသေးသကဲ့သို့ ပစ္စည်းများလည်းပေးပို့၍မရသေးကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။
“ ဗကသကျောင်းသားတစ်ယောက်လည်းဖြစ်တယ်။သူကဂေါ်ရခါးလူမျိုးတစ်ယောက်လည်းဖြစ်တယ်။ကျနော်တို့သိရသလောက်ကိုလင်းပိုင်စိုးကို”ဗ.က.သ”က စောက်ကုလား”ဘာညာပြောပြီး မေးမေးပြီးရိုက်နှက်စစ်မေးနေကြတာမျိုးရှိတယ်။ပြီတော့ဝမ်းဗိုက်တွေကိုကန်တယ်ထားတာကြောင့်ကိုလင်းပိုင်စိုးအခြေအနေကအစာတောင်မဝင်တော့ဘူးရေနည်းနည်းဝင်ရင်တောင်ပြန်အန်နေတယ်လို့ကြားရပါတယ်” ဟုနေပြည်တော်ကျောင်းသားများသမဂ္ဂ က ကိုနေသမိုင်းကဆိုသည်။
ကိုလင်းပိုင်စိုးသည်ယခင်ကနေပြည်တော်တွင်အခြေစိုက်ကာစစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များတွင်ပါဝင်လေ့ရှိသော်လည်း၎င်း၏နေအိမ်ကိုစစ်တပ်ကခြိမ်းခြောက်မှုများပြုလုပ်ခဲ့သည့်အတွက်မန္တလေးသို့တိမ်းရှောင်ကာစစ်အာဏာရှင်သပိတ်များကိုဆက်လက်ဆင်နွှဲနေခဲ့သူတစ်ဦးဖြစ်ကြောင်း ကိုနေသမိုင်းကရှင်းပြသည်။
“သူ့ကိုဝင်ဖမ်းတဲ့အချိန်မှာ ကွန်ပြူတာတွေပါသွားတာဆိုတော့ အချက်လက်တွေကိုပိုစစ်ခံရတာကြောင့်ပိုကြာနိုင်ပါတယ်။လူမျိုးခြားဖြစ်နေတော့နှိပ်စက်ခံရတာကတော့မတရားပါပဲ” မန္တလေးမှစစ်အာဏာရှင်ဆန့်ကျင်သူလူငယ်တစ်ဦးကပြောသည်။
မြန်မာနိုင််ငံတွင်အကြမ်းဖက်စစ်တပ်မှအာဏာသိမ်းပြီးနောက်ပိုင်းစစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများပြုလုပ်နေသူများကိုဖမ်းဆီးပြီးစစ်ကြောရေးစခန်းများတွင်နှိပ်စက်စစ်မေးလျက်ရှိသည်။ထိုသို့စစ်မေးရာတွင် ဘာသာခြားများ(ဗုဒ္ဓဘာသာမဟုတ်သူများ)၊လိင်စိတ်ကွဲပြားသူများ၊ကျောင်းသားသမဂ္ဂနှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုထောက်ခံသူများဆိုလျှင်ပိုမို၍ပြင်းထန်စွာနှိပ်စက်လေ့ရှိသည်။
ကိုလင်းပိုင်စိုးသည် ကျောက်ဆည်နည်းပညာတက္ကသိုလ် ဒြပ်သတ္တုပိုင်းဆိုင်ရာ နောက်ဆုံးနှစ်အင်ဂျင်နီယာကျောင်းသားတစ်ဦးဖြစ်ပြီး ကိုငြိမ်းမင်းသန့်က လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန စတုတ္ထနှစ်ကျောင်းသားတစ်ဦးဖြစ်ကာ ကျောက်ဆည်နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ဗ.က.သ များအဖွဲ့ချုပ်)ရဲ့ အမှုဆောင်တစ်ဦးဖြစ်သည်။