By Mandy / MPA
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ရှိ အဓိကလမ်းမကြီးကို စစ်တပ်ကထိန်းချုပ်ထားသဖြင့် ပြည်သူများသည် မြို့ရှောင်လမ်းမှ ကုန်ပစ္စည်းသယ်ယူမှုများပြုလုပ်နေခြင်းဖြစ်ရာ၊ လက်ရှိ မိုးရာသီကာလတွင် အဆိုပါ မြို့ရှောင်လမ်းသည် ကားများသွားလာ၍ မရသဖြင့် ပြည်သူများအခက်အခဲဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ကောလင်းမြို့နယ်၏ အရှေ့ခြမ်းနှင့် အနောက်ခြမ်းကို ဖြတ်၍ ကတ္တရာလမ်းဖောက်ထားခြင်းဖြစ်ပြီး ၂၀၂၄ခုနှစ် ၊ ဖေဖော်ဝါရီလတွင် စစ်တပ်က မြို့ကိုပြန်လည်ထိန်းချုပ်ပြီးနောက် ယင်းလမ်းမကြီးအား အသုံးပြု၍မရတော့ဘဲ၊ ပြည်သူများသည် ကောလင်းမြို့ကို ရှောင်ကွင်းသွားနိုင်သည့် အင်းထဲမှ ဖြတ်သန်းသွားလာမှုများပြုလုပ်နေခြင်းဖြစ်သည်။
“ လမ်းတွေက မိုးလေးနည်းနည်းရွာတာနဲ့ သွားဖို့လာဖို့အဆင်မပြေတဲ့အခြေအနေပါ၊ မိုးရွာရင် လမ်းတွေက အရမ်းချော်ပြီး အန္တရာယ်ဖြစ်နိုင်တယ်” ဟု အနောက်ခြမ်းသို့ ကုန်ပစ္စည်းပို့ဆောင်မှုပြုလုပ်နေသော ယာဉ်မောင်းတစ်ဦးကဆိုသည်။
လက်ရှိကာလသည် မိုးရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ကောလင်းမြို့ရှောင်လမ်းများသည် အင်းများဖြစ်သည့်အတွက် ရွှံ့ဗွက်များဖြစ်ပေါ်ကာ ကားများသွားလား၍ မရတော့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
“အင်းလမ်းက သုံးမရတော့ရင် အနောက်ဘက်ခြမ်းက လူတွေ ဒုက္ခရောက်ကြမှာ၊ သူတို့ဆီ ကုန်စည်စီးဆင်းဖို့လည်း မဖြစ်နိုင်တော့ဘူး။ ခရီးသွားလာလို့လည်းမရတော့ဘူး” ဟု ကောလင်းမြို့နယ် အရှေ့ခြမ်းမှ ပြည်သူတစ်ဦးက MPA ကို ပြောသည်။
ကောလင်းမြို့ကို တော်လှန်ရေးပူးပေါင်းတပ်များ လက်လွှတ်လိုက်ရပြီးနောက်တွင် မိုးရာသီကာလအတွင်း ကုန်စည်စီးဆင်မှုအခက်အခဲဖြစ်ပေါ်မည်ကိုသိသည့် မြို့အနောက်ခြမ်းမှ ငွေကြေးတတ်နိုင်သူများသည် နွေရာသီကာလကတည်းက ရိက္ခာ၊ စက်သုံးဆီ၊ စားသုံးဆီနှင့် လူသုံးကုန်ပစ္စည်းများကို သိုလှောင်မှုများပြုလုပ်ထားကြသည်ဟု ဒေသခံများထံမှ သိရသည်။
“ဒီအနောက်ခြမ်းမှာ စစ်ရှောင်တွေကလည်းအများကြီး၊ လုပ်စရာအလုပ်ကလည်း မယ်မယ်ရရမရှိဘူး။ ကုန်ဈေးနှုန်းကြီးတော့ စားဝတ်နေရေးအတွက် အတော်ရုန်းရတယ်။ ရှေ့ဆက် ကုန်ဈေးနှုန်းက ဒီထက်ကြီးလာတော့မှာဆိုတော့ ဘာလုပ်ရမှန်းကို မသိဘူး” ဟု ကောလင်းမြို့ အနောက်ခြမ်းတွင် စစ်ရှောင်နေသော စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။
လက်ရှိ ကောလင်းမြို့မှ စစ်ရှောင်ဦးရေ ၅၀ရာခိုင်နှုန်းသည် မြို့အနောက်ခြမ်း၌ တိမ်းရှောင်နေရပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်းကြောင့် စစ်ရှောင်များအတွက် အခက်အခဲများဖြစ်ပေါ်လာနိုင်သည့်အပြင် ကုန်စျေးနှုန်းပိုမိုကြီး မြင့်လာမည်ကိုလည်း စိုးရိမ်ပူပန်မှုများရှိနေသည်။
ထို့ပြင် စစ်ကောင်စီတပ်သည် ကောလင်းမြို့ကို ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်သဖြင့် မိုးလယ်ကာလရောက်လာပါက ကောလင်းမြို့ အနောက်ခြမ်းသို့ သွားလာနိုင်သည့် ဆက်သွယ်ရေးလမ်းကြောင်းအားလုံးပြတ်တောက်သွားပါက ပြည်သူများပိုမို ဒုက္ခရောက်ရှိနိုင်ကြောင်း ဒေသခံများက ပြောသည်။
လတ်တလောတွင် ကောလင်းမြို့ရှောင်လမ်းအခြေအနေပေါ်မူတည်ပြီး ဒေသတာဝန်ခံများက သွားလာခွင့်ကို ခွင့်ပြုပေးထားသော်လည်း ယခုထက်မိုးများလာပါက လမ်းအသုံးပြုမှုကို ပိတ်ရတော့မည်ဖြစ်သည်ဟု ကျေးရွာတာဝန်ခံတစ်ဦးက ပြောသည်။
“ အင်းလမ်းကတော့ မိုးနည်းနည်းရွာတာနဲ့ ကားတွေ အသုံးပြုမရတဲ့အနေအထားပဲ၊ ဥက္ကံ၊ မိုးနံဘက်သွားချင်ရင် ဘေးမဲ့တောဘက်ကနေ ပတ်သွားလို့တော့ရတယ်။ ဒါပေမဲ့ အဲ့ဒီလမ်းလည်းမိုးများရင်မရဘူး။ ကောလင်းကိုပြန်မရသေးတော့ ပြည်သူတွေပဲ ဒုက္ခရောက်မှာပါ” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
ကောလင်းမြို့ အရှေ့ခြမ်းသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုမရှိဘဲ ပုံမှန်ကုန်စီးဆင်းမှုရှိနေဆဲဖြစ်ကာ၊စစ်ဘေးရှောင်ဦးရေ ၃၀ ရာခိုင်နှုန်းခန့်သာရှိပြီး စစ်ရှောင် ၅၀ရာခိုင်နှုန်းရှိသော မြို့ အနောက်ခြမ်းထက် အဆင်ပြေသေးကြောင်းလည်း စစ်ရှောင်များက ဆိုသည်။
ထို့ကြောင့် ကောလင်းမြို့အနောက်ခြမ်းရှိ သွားလာရေးလမ်းကြောင်းများ စတင်ပြတ်တောက်နေသဖြင့် လိုအပ်သည့် ပြင်ဆင်မှုများကို အချိန်မီပြုလုပ်သင့်ပြီဖြစ်ကြောင်း တာဝန်ရှိသူများကို စစ်ဘေးရှောင်များက အကြံပြုထားသည်။