By Haythar / MPA
မန္တလေးတိုင်း၊ မိုးကုတ်မြို့ပေါ်ရှိ တပ်စခန်းနှစ်ခုကို TNLA ကတိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲခဲ့ကြောင်း သိရသည်။
မိုးကုတ်မြို့အရှေ့ပိုင်းရှိ အောင်သာယာတပ်စခန်းနှင့် အရှေ့ပိုင်းရှိ အာကာမိုးတပ်စခန်းတို့ကို ယနေ့(ဇွန် ၂၉ရက်)ညနေလေးနာရီခန့်တွင် TNLA ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ညနေ ခြောက်နာရီခွဲ ဝန်းကျင်၌ စစ်တပ်က လေယာဉ်ဖြင့် ဗုံးသုံးလုံး ကြဲချခဲ့ကြောင်း မိုးကုတ်မြို့ခံတစ်ဦးကဆိုသည်။
“ အရှေ့ဘက်ရယ်၊ချဲဘုရားဘက်ရယ်၊ဘုရား ငါးဆူဘက်ရယ်ကို လေယာဥ်နဲ့လာပစ်သွားတာ။ အကုန်ကြောက်နေကြရပါတယ်။ ပစ်ခတ်သံတွေကြားပြီးတော့ အခုလိုလေယာဥ်နဲ့လာပစ်တာ” ဟု မိုးကုတ်မြို့အရှေ့ပိုင်း၊ အောင်ချမ်းသာရပ်ကွက်နေ ပြည်သူတစ်ဦးက MPAသို့ ပြောသည်။
အောင်သာယာတပ်စခန်းနှင့် မိုးကုတ်မြို့အနောက်ပိုင်း၊ကျပ်ပြင်ရဲစခန်းအရှေ့ရှိ အာကာမိုးတပ်စခန်း တို့ကို TNLA ကတိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သားအလောင်း၁၀လောင်းနှင့် လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိခဲ့ကြောင်း TNLAက ထုတ်ပြန်ထားသည်။
စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေကိုမူ မသိရသေးပေ။
ဇွန်လ ၂၅ရက်မှစတင်ကာ မိုးကုတ်မြို့အနောက်ပိုင်းတွင် TNLA တပ်နှင့်စစ်ကောင်စီတပ်တို့တိုက်ပွဲ ပြင်းထန်လျက်ရှိသည်။