By Zwe Ko / MPA
ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်အချို့မှ ကျေးရွာများတွင် နေထိုင်သည့် လက်လုပ်လက်စား အမျိုးသမီးများသည် ပုံမှန်ဝင်ငွေရသည့် အလုပ်အကိုင် ရှားပါးလာသည့်အပြင် ကုန်စျေးနှုန်းကြီးမြင့်မှုကို ရင်ဆိုင်နေရသောကြောင့် စားဝတ်နေရေးကျပ်တည်းလာကြောင်း စုံစမ်းသိရှိရသည်။
စစ်တပ်အာဏာမသိမ်းမီက ကုန်စိမ်းသီးနှံများဖြစ်သည့် ဂေါ်ဖီ၊ ငရုတ်၊ ကြက်ဟင်းခါးနှင့် ဘူးသီးစသည့် သီးနှံစိုက်ပျိုးသူများပြားသော်လည်း၊ စစ်တပ်အာဏာသိမ်းပြီးနောက် ကုန်းစျေးနှုန်းမတည်ငြိမ်မှုနှင့်အတူ စိုက်ပျိုးစရိတ်ကြီးမြင့်လာမှုကြောင့် စိုက်ပျိုးသည့်တောင်သူနည်းပါးလာကြောင်း သာယာ၀တီမြို့မှ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
“စိုက်တဲ့သူများတုန်းက အစ်မတို့လို့လက်လုပ်လက်စားတွေက နေ့စားလိုက်လို့ရတယ်လေ၊ ဟိုလူကငှား ဒီလူကငှားနဲ့တစ်နေ့ပုံမှန်ဝင်ငွေက ရနေတာပဲ၊ အခုက စိုက်တဲ့သူ ရှားလာတော့ စိုက်ခင်းပိုင်ရှင်ကို အလုပ်ခေါ်အောင်သွားပြောနေရတယ်“ဟု ၎င်းက ပြောသည်။
လက်ရှိအချိန်သည် မိုးစပါး စိုက်ပျိုးသည့် ရာသီဖြစ်ပြီး ယခင်က အမျိုးသမီး ကောက်စိုက်အဖွဲ့များနှင့် စိုက်ပျိုးကြသော်လည်း၊ ယခုအခါ အစေ့တိုက်ရိုက်ချ စနစ်ဖြင့် စိုက်ပျိုးခြင်းများကြောင့် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုနည်းပါးလာရ ခြင်းဖြစ်ကြောင်း လက်ပံတန်းမြို့မှ အသက် ၄၀ကျော် အမျိုးသမီးတစ်ဦးက ဆိုသည်။
“ရာသီဥတုတွေကမမှန် မိုးက သိမ်မရွာတော့ ပျိုးထောင်ပြီးစိုက်တဲ့သူက ရှားသွားပြီ၊ အဲဒီတော့ အစ်မတို့လည်း မိုးတွင်းဆို အလုပ်မရှိတော့ဘူး၊ စပါးခင်းထဲ မြက်နုတ်တာတွေလည်း ဟိုတုန်းကလုပ်ရတယ်။ အခုက ပေါင်းသတ်ဆေးတွေပေါ်လာတော့ မြက်ငှားနုတ်တဲ့သူလည်းမရှိတော့ဘူး”ဟု ၎င်းကပြောသည်။
ထိုကဲ့သို့ စိုက်ပျိုးရေးလုပ်ငန်းများတွင် အမျိုးသမီးများအတွက် အလုပ်အကိုင်ရှားပါးလာမှုအပြင် တစ်ပိုင်တစ်နိုင် အိမ်တွင်းလုပ်ငန်းများတွင်လည်း ကုန်ကြမ်းပစ္စည်းရှားပါးခြင်းနှင့် ဝယ်ယူစရိတ်များပြားခြင်းကြောင့် အလုပ်သမားများ လျော့ချရာတွင် အမျိုးသမီးအများစုဖြစ်ကြောင်း မင်းလှမြို့မှ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးကဆိုသည်။
“ပလုံးဈေးတွေကောင်းလို့ ပလုံးရက်မယ်ဆိုတော့လည်း ဝါးကလိုချင်တိုင်းဝယ်မရဘူး။ တောထဲ(ရိုးမ)တိုက်ပွဲတွေဖြစ်နေတာလေ၊ အဲဒီတော့ ဝါးတိုက်ရောင်းတဲ့သူတွေရှားလာတယ်။ ပြီးတော့ အိုးလုပ်ဖို့ ကြတော့လည်း မြေကြီးကရှား၊ မြေကြီးရှိတဲ့နေရာတွေက စိုက်ခင်းတွေနဲ့လမ်းပိတ်၊ အိုးဖုတ်ဖို့လည်း စပါးခွံတို့ကောက်ရိုးတို့ကလည်း အရင်လောက်မရှိတော့ဘူး”ဟု ၎င်းက ဆိုသည်။
ယခုလို ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးမှုကြောင့် လက်လုပ်လက်စား အမျိုးသမီးများသည် ပြည်ပနိုင်ငံများသို့ ထွက်ကာ အလုပ်လုပ်လိုသော်လည်း အရင်းအနှီးများပြားသည့်အတွက် ခက်ခဲနေကြောင်း အုတ်ဖိုမြို့မှ အသက် ၂၀ အရွယ် အမျိုးသမီး တစ်ဦးက ပြောသည်။
“ အနည်းဆုံး မကုန်ဘူးဆိုရင်တောင် သိန်းနှစ်ဆယ်၊ သုံးဆယ်လောက်ကုန်မှာ၊ အပြင်မှာ အတိုးကြီးကြီးနဲ့ ချေးတာတောင် ပေးမဲ့သူကမရှိဘူး။ ဘာလို့လဲဆိုတော့ ကျမတို့မှာက ပိုင်ဆိုင်မှုမရှိတော့ မပေးကြဘူး။ ရန်ကုန်တွေဘာတွေမှာ အလုပ်ထွက်လုပ်ကြတယ်။ ရတဲ့လခနဲ့ နေဖို့ စားဖို့တွေနဲ့က ဘာမှ မကျန်ဘူး။ အကုန်စျေးကြီးနေတာ “ ဟု အထက်ပါ အမျိုးသမီးက ရှင်းပြသည်။
ထိုသို့ ပုံမှန်ဝင်ငွေရသည့် အလုပ်များနည်းပါးလာမှုအပြင် စားသောက်ကုန်စျေးနှုန်းများ အဆမတန်ကြီးမြင့်လာမှုကြောင့် မိသားစုဝင်များပါးသည့် လက်လုပ်လက်စား မိသားစုများအနေဖြင့် ခက်ခဲမှုများကို ပိုမိုရင်ဆိုင်နေရပေသည်။
“နိုင်ငံရေးကောင်းတုန်းက(စစ်တပ်အာဏာမသိမ်းခင်)စားအုံဆီ တစ်ပိဿာ သုံးလေးထောင်၊ ဆန်တစ်အိပ် သုံးလေးသောင်း၊ အခုက ဆီတစ်ပိဿာ တစ်သောင်းခွဲလောက်၊ ဆန်တစ်အိပ် ခုနစ်သောင်း၊ ရှစ်သောင်း၊ ဒါတောင်ဆန်ကောင်းတွေမဟုတ်ဘူးလေ၊ ဘယ်လိုလုပ်ထမင်းနပ်မှန်မလဲ၊ အစ်မတို့အိမ်ဆို ကလေးတွေနဲ့ မိသားစု ခုနှစ်ယောက်၊ ပုံမှန်အလုပ်ရှိတာက နှစ်ယောက်ပဲဆိုတော့ ပိုဆိုးတာပေါ့”ဟု လက်ပံတန်းမြို့မှ အသက်၅၀အရွယ်အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ကုန်ဈေးနူန်းများ အဆမတန်ကြီးမြင့်လာပြီး ကုန်စျေးနှုန်းကျဆင်းရန်ဟိုဆိုကာ စစ်တပ်လက်အောက်ခံ ရဲ၊ စစ်သားနှင့် စည်ပင်သာယာမှ ဝန်ထမ်းများသည် လုပ်ငန်းရှင်များကို ဖမ်းဆီးခြင်းများ လုပ်ဆော်သော်လည်း စားသောက်ကုန်စျေးနှုန်းမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုမြင့်တက်လာကာ ဝင်ငွေထွက်ငွေ မမျှ တသည့် အခြေခံလူတန်းစားများ ပိုမိုကျပ်တည်းလျက်ရှိပေသည်။
ထို့ပြင် စစ်မှုထမ်းဥပဒေထွက်ပေါ်လာပြီးနောက် စစ်ကောင်စီသည် စစ်မှုထမ်းများအတွက် ထောက်ပံ့ကြေးဟုဆိုကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံမှ တစ်ဆင့် ကောက်ခံနေခြင်းကြောင့် စားဝတ်နေရေး မပြေလည်သည့် အခြေခံလူတန်းစားများသည် ဒုက္ခဆင်းရဲများ ပိုမိုကြုံတွေ့လာရသည်။