By Ko Paing / MPA
ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ လိုက်ပါလာသည့် ကားကို စစ်တပ်ကပစ်ခတ်ကြောင်း မတတ်သာ၍ စစ်ကောင်စီက ဝန်ခံလိုက်ရသော်လည်း တရားဝင် တောင်းပန်ခြင်းမရှိသေးကြောင်း အရှင်တေဇာနန္ဒ (တန့်ဆည်) ကမိန့်သည်။
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊မြို့သာနှင့်ပန်းချီကမ္မရွာကြားတွင် ဝင်းနိမ္မိတာရုံကျောင်းဆရာတော် လိုက်ပါလာသည့် SURF ကားကို လုံခြုံရေးယူနေသည့် စစ်သားများမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက ဇွန်လ၂၁ရက်ည၌ ဝန်ခံခဲ့သည်။
“စစချင်းမှာတော့ ဦးဇင်းတို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တယ်လို့ မြဝတီကနေ လိမ်ပြီး ကြေညာတယ်။ကန်သုံးဆင့်ဆရာတော်ကြီးက မကွယ်မဝှက်ပဲပြောမှသာ ခုလို စစ်တပ်က ဝန်ခံတာ။အကယ်၍သာ ဆရာတော်ဘုရားကြီးကို PDF ကပစ်တယ်ဆိုတဲ့ လိမ်လည်ပြောဆိုမှုဟာ အောင်မြင် သွားရင် တော်တော်လေးကို ရှုပ်ထွေးမှုတွေဖြစ်လာနိုင်တယ်။ဘာကြောင့်လဲဆိုတော့ စစ်ဝါဒမှိုင်း အောက်မှာ မှိုင်းမိနေကြတဲ့ သံဃာတော်တွေကလည်း အများကြီးရှိနေသေးတယ်” ဟု အရှင်တေဇာ နန္ဒ (တန့်ဆည်) က MPAသို့ မိန့်သည်။
စစ်တပ်သည် ၎င်းတို့ကျူးလွန်ခဲ့သည်များကို မည်သည့်အခါကမှ တောင်းပန်ခြင်းမျိုးမရှိကြောင်း လည်း ဆိုသည်။
“ဆရာတော်ကြီးဖြစ်စဥ်မှ မဟုတ်ဘူး။ခေတ်အဆက်ဆက်မှာလည်း သံဃာတော်တွေကို သတ်ဖြတ်ခဲ့တာပဲမဟုတ်လား။ဘယ်တုန်းကမှ မတောင်းပန်ခဲ့ပါဘူး” ဟု အရှင်တေဇာနန္ဒ (တန့်ဆည်) က ဆက်လက်မိန့်သည်။
စစ်ကောင်စီက အဆင့်မြင့်အရာရှိများပါဝင်သော စုံစမ်းဖော်ထုတ်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး စုံစမ်းနေကြောင်း ဇော်မင်းထွန်းက ဆိုသည်။
“လုံခြုံရေးအဖွဲ့တွေက ကမ္မရွာရဲ့ထိပ် ဘုရားအနီးလမ်းပေါ်မှာ ကမ္မရွာဘက်က မောင်းနှင်လာတဲ့ အရပ်နံပါတ်လိုင်စင်တပ် SURF အမျိုးအစားယာဉ်တစ်စီးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ယာဉ်ကိုရပ်တန့်ဖို့ လုံခြုံရေးကားပေါ်ကနေ ယာဉ်ကိုရပ်တန့်ဖို့ လုံခြုံရေးကားပေါ်ကနေ ယာဉ်ကိုအော်ဟစ်တားဆီး တာတွေ၊ လက်ပြတားဆီးတာတွေလုပ်ခိုင်းကြောင်းသိရှိခဲ့ရပါတယ်။ နောက်ဆုံး သေနတ်ကိုမိုးပေါ် ထောင် ပစ်ခတ်တားဆီးခဲ့တယ်ဆိုတာလည်းသိရှိရပါတယ်။ အရပ်ကား SURF ကားက ကျော်တက်မောင်းနှင်သွားတဲ့အခါမှာ နောက်ကနေလည်း ပစ်ခတ်တားဆီးခဲ့တယ်ဆိုတာကို အကြမ်းဖျင်းသိရှိရပါတယ်။ ဒီဖြစ်စဉ်နှင့်ပတ်သက်ပြီး အသေးစိတ်စိစစ် ထပ်မံစိစစ်ဆန်းစစ်သွားမှာဖြစ်ပါတယ်” ဟု ဇော်မင်းထွန်းကပြောသည်။
ဝင်းနိမ္မိတာရုံဆရာတော်သည် PDF တို့၏ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ကြောင်း စစ်ကောင်စီက သတင်းလိမ်လည် ထုတ်ပြန်ခဲ့ပြီးနောက် အပစ်ခံရသည့်အထဲတွင် ပါဝင်သည့် ကန်သုံးဆင့် ဆရာတော်ကြီးက စစ်တပ်က ပစ်ခတ်ခြင်းကြောင့် ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူကြောင်း မိန့်ကြားခဲ့သည်။
ကန်သုံးဆင့်ဆရာတော် မိန့်ကြားပြီးမှသာ စစ်တပ်ပစ်ခတ်ကြောင်း စစ်ကောင်စီက ဝန်ခံခြင်းဖြစ်သည်။