By Ko Paing / MPA
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ် အထက နှစ်ကျောင်းတွင် တပ်စွဲထားသော စစ်သားများကို ဗုံးပစ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများရှိကြောင်း True Fighter အဖွဲ့ထံက သိရသည်။
ယနေ့ (ဇွန်၁၉ရက်) နံနက် ၈ နာရီခွဲဝန်းကျင်တွင် အင်အား ၃၀ ဝန်းကျင်ဖြင့်တပ်စွဲထားသော မြင်းမူအထကနှစ် ကျောင်း အဝင်ဝရှိ စစ်တပ်ဂိတ်ကို ဗုံးပစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ ဒီနေ့ ခွေးကင်း(အထကနှစ် ကျောင်းဝင်ပေါက် စစ်ဆေးရေးဂိတ်)ကို လျက်ဆားပုလင်း(ဗုံး)နဲ့ပစ်တယ်။ထိခိုက်မှုတွေရှိတယ်။ကျောင်းဝင်းထဲကနေ သေနတ်နဲ့ ၁၀ချက်လောက်ပြန်ပစ်တယ်။ကျောင်းအပြင်ထိတော့ လိုက်မပစ်ဘူး။မြို့ထဲကို စစ်သားတွေ လမ်းပိတ်စစ်တာမျိုးတွေအပြင် တစ်မြို့လုံးကို ပတ်စစ်နေတယ်” ဟု True Fighter အဖွဲ့တာဝန်ခံက MPAသို့ ပြောသည်။
စစ်ကောင်စီတပ်သည် မြင်းမူမြို့ပေါ်ရှိလမ်းများပေါ် ယနေ့မွန်းတည့် ၁၂ နာရီအထိ ကင်းလှည့်စစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို True Fighter ၊စွန်ရဲ Revolution Forceနှင့်ဗိုလ်အောင်မောင်း မုဆိုးစစ်ကြောင်း (LPDF) တို့က ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDFတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။