By Nway / MPA
ဖမ်းဆီးဒဏ်ရိုက်နေသည်ဆိုသောသတင်းများကြောင့် ပြည်မြို့ခံတို့ အပြင်ထွက်လျှင် VPN(Virtual Private Network)ကို ဖျက်ထားခဲ့ကြကြောင်း သိရသည်။
ပဲခူးတိုင်း၊ ပြည်မြို့တွင် ဇွန်လ ၁၁ရက်နေ့မှစ၍ အသုံးပြုသည့် ဖုန်းများ၌ VPN App တွေ့ရှိပါက ငွေကြေးဒဏ်ရိုက်မှုများအပြင် ထောင်ဒဏ် ခုနှစ်လအထိ ချမှတ်နိုင်သည်ဟု ခြိမ်းခြောက်မှုများ ရှိနေကြောင်း ပြည်မြို့ ရွာဘဲနယ်မြေတွင် နေထိုင်သူတစ်ဦးက ပြောသည်။
“ ထောင် ခုနှစ်လ ချလို့ရတယ် ဘာညာဆိုပြီး ကြားနေရတာပဲ။ အခုက အပြင်သွားရင်ကို VPN ကို ဖျက်လိုက် ၊ အိမ်ပြန်ရောက်ရင်ကို ပြန်ဒေါင်းလိုက်နဲ့ ရှုပ်နေတော့ အာရုံနောက်လို့ Facebook တောင် မသုံးဖြစ်တော့ပါဘူး” ဟု ၎င်းက MPAသို့ ပြောသည်။
ထို့အပြင် စစ်သားများ စစ်ဆေးဖမ်းဆီးမှု ပြုလုပ်လေ့ရှိသည့် ပြည်မြို့၊ ကိုးသောင်းမီးပွိုင့်၊ ပါရမီရှင်ဆေးရုံရှေ့နှင့် စစ်သားများ အသွားအလာပြုလုပ်တတ်သော နေရာများကို ပြည်သူများ ရှောင်ရှားသွားလာနေကြကြောင်း သိရသည်။
“ စစ်မှုထမ်းဥပဒေကြောင့် လူဖမ်းတာတွေရော ၊ ဆိုင်ကယ်ဦးထုပ်ဖမ်းတာ ၊ အခုဆို VPN ပါတိုးလာတော့ သွားလာရခက်ခဲလာတယ်။ ပြည်မြို့အနီးတစ်ဝိုက်က ရွာတွေ ၊ မြို့တွေကို ဈေးပတ်ရောင်းကြတဲ့ ဈေးသည်တွေတောင် မသွားလာရဲတော့လို့ နားထားရတာတွေလည်း ရှိတော့ စားဝတ်နေရေး ထိခိုက်တာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။
စစ်ကောင်စီဝါဒဖြန့်သတင်းချန်နယ်တစ်ခုဖြစ်သည့် ပြည်သတင်းမှန် Telegram Channel ကမူ VPN အသုံးပြုသူများကို ဖမ်းဆီးခြင်းမှာ မဟုတ်မှန်ကြောင်း ရေးသားထားသည်။
မေလ ၃၀ ရက်နေ့မှစ၍ VPN အသုံးပြုရ အဆင်မပြေတော့ခြင်းကို မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများ ကြုံတွေ့နေရပြီး မြို့များစွာ၌ VPN တွေ့လျှင် ဖမ်းဆီးဒဏ်ရိုက်သည့်သတင်းများလည်း ကျယ်ကျယ် ပြန့်ပြန့်ထွက်ပေါ်လျက်ရှိသည်။