Ko Paing / MPA
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်တွင် ကြေးနီ သယ်ဆောင်လာသော စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်တပ် အရာရှိတစ်ဦးအပါအဝင် သုံးဦးသေဆုံးပြီး နှစ် ဦးဒဏ်ရာရရှိကြောင်းသိရသည်။
ဇွန်လ ၁၁ ရက်၊ ညနေ လေးနာရီခွဲကျော်တွင် မုံရွာဘက်မှ ထွက်လာသော စစ်ကောင်စီ၏ ကြေးနီတင်တွဲကား ၁၂ စီးပါ ယာဥ်တန်း မုံရွာ-ချောင်းဦးလမ်းပိုင်းပေါ်သို့ ရောက်ရှိလာပြီး လမ်းပိုင်း ကင်းတာဝန်ကျ စစ်သားလေးဦးက ကားပေါ်ပါအရာရှိအား အလေးပြုစဉ် ပဒေသာမိုင်း အကြီး သုံးလုံး ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း People’s Defense Force – South Monywa က ယနေ့(ဇွန်၁၂ရက်)ထုတ်ပြန်သည်။
“စစ်ခွေး(စစ်သား)အလောင်းတွေကို ကြေးနီတင်ကားနဲ့လည်းတင်သွားတယ်။မုံရွာဘက်ကိုလည်း Express ကားနဲ့သယ်သွားတာရှိတယ်။ဗျူဟာမှူးလို့လည်းသိရတယ်။ဒါပေမဲ့ အတိအကျတော့ မသိရဘူး။အနိမ့်ဆုံးတော့ ဗိုလ်ဖြစ်နိုင်တယ်။ဘာလို့ဆို အလေးပြုနေချိန် ကျနော်တို့က မိုင်းဆွဲလိုက်တာပါ” ဟု People’s Defense Force – South Monywa မှ ပြန်ကြားရေး တာဝန်ခံ ဒေါင်းကာရန် က MPA သို့ပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် တွဲကားပေါ်ပါ စစ်ကောင်စီအရာရှိနှင့် အလေးပြုသည့်စစ်သား နှစ်ဦးပွဲချင်း ပြီးသေဆုံးသွားပြီး ကျန် နှစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း စစ်သားများမှ ပြန်လည်ပစ်ခတ်မှုရှိသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်းဖြစ်သော People’s Defense Force – South Monywa တပ်ခွဲ တစ် ၊ မုံရွာခရိုင်တပ်ရင်း ၁၁ တပ်ခွဲ သုံး နှင့် တပ်စု နှစ် Youth Vigor Revolution Force တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
စစ်သားများထိခိုက်သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။