အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်အပေါ် စွဲဆိုထားသည့် ရာဇဝတ်မှုစွဲချက် ၃၄ ခုစလုံးမှာ အပြစ်ရှိကြောင်း နယူးယောက်မြို့၊ မက်ဟန်တန်ရပ်ကွက်ရှိ တရားရုံးက မေလ ၃၁ရက်တွင် ဆုံးဖြတ်လိုက်သည်။
ထရမ့်သည် ၂၀၁၆ခုနှစ် ရွေးကောက်ပွဲရလဒ်အပေါ် တရားမဝင်ကြိုးပမ်းမှုများ၊ ညစ်ညမ်းသရုပ်ဆောင်အမျိုးသမီး နှစ်ယောက်ကို နှုတ်ပိတ်နေစေရန်အတွက် ငွေပေးမှုများကို ဖုံးကွယ်ရန်အတွက် စာရွက်စာတမ်းအတုများ ပြုလုပ်ခဲ့ခြင်းများအပါအဝင် အမှုပေါင်း၃၄မှု စွဲချက်တင်ခံခဲ့ရခြင်း ဖြစ်သည်။
ဇူလိုင်လလယ်ခန့်တွင် ပြစ်ဒဏ်စီရင်ချက်ကို သီးသန့်ချမှတ်မည်ဖြစ်ပြီး ပြစ်ဒဏ်တစ်ခုစီအတွက် အမြင့်ဆုံးထောင်ဒဏ် လေးနှစ်အထိ ချမှတ်ခံရနိုင်သည်။
ပြစ်ဒဏ်ချမှတ်ခံရလျှင် လာမည့်နိုဝင်ဘာလတွင် ကျင်းပမည့် ထရမ့် ပါဝင်ယှဥ်ပြိုင်မည့် အမေရိကန်သမ္မတရွေးကောက်ပွဲကို ဂယက်ရိုက်မှုများ ဖြစ်လာစေနိုင်သည်။
တရားရုံးမှအထွက်တွင် ထရမ့်က “အခုလိုဆုံးဖြတ်တာဟာ မျှတမှုမရှိတဲ့အပြင် စွပ်စွဲချက်တွေကလည်း လုပ်ကြံထားတာတွေဖြစ်တယ်” ဟု ဆိုသည်။
ပြစ်ဒဏ်စီရင်ချက်အတွက် အမြန်ဆုံး အယူခံဝင်သွားမည်ဟုလည်း ထရမ့်က ဆိုသည်။
ဒေါ်နယ်ထရမ့်သည် အသက် ၇၇ နှစ်ရှိပြီဖြစ်သည့် အမေရိကန်သမ္မတဟောင်းတစ်ဦးဖြစ်ပြီး လာမည့် ၂၀၂၄ ရွေးကောက်ပွဲ၌ လက်ရှိသမ္မတဂျိုးဘိုင်ဒန်နှင့် ယှဥ်ပြိုင်မည့် ရီပတ်ဘလီကန်ပါတီ၏ သမ္မတလောင်းတစ်ဦးလည်း ဖြစ်သည်။
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-01-132732_002-1024x682.jpeg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-01-132732_003-1024x683.jpeg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-01-132732_004-1024x683.jpeg)