အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယကကြီး သူရဦးတင်ဦးသည် ရန်ကုန်မြို့တွင် ယနေ့ (ဇွန်လတစ်ရက်) နံနက်ပိုင်း၌ ကွယ်လွန်သွားပြီဖြစ်ကြောင်းသိရသည်။
မေလ၃၁ရက်တွင် NLD နာယက သူရဦးတင်ဦး ကျန်းမာရေးကောင်းမွန်လာသဖြင့် အထူးကြပ်မတ်ဆောင် မှ နှလုံးကုသဆောင်သို့ ပြောင်းရွှေ့ခဲ့ကြောင်း နှင့် ယနေ့နံနက်ပိုင်းတွင် အသက်ရှုကျပ်ကာ ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သူရဦးတင်ဦးနှင့် နီးစပ်သူတစ်ဦးထံက သိရသည်။
“ ဒီနေ့မနက် ၉နာရီဝန်းကျင်က ဆုံးတာပါ။ရန်ကုန် ပြည်သူ့ဆေးရုံကြီး မှာပါ” ဟု ၎င်းက ပြောသည်။
သူရဦးတင်ဦးသည် NLDပါတီ စတင်တည်ထောင်ခဲ့သူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး NLD ပါတီ ၏ အရေးပါသော ခေါင်းဆောင်တစ်ဦးဖြစ်ကာ မြန်မာ့နိုင်ငံရေးလောက၌ ဩဇာကြီးသည့် နိုင်ငံရေး သမားတစ်ဦးလည်း ဖြစ်သည်။
“ ဘဘ ဆုံးပါပြီ။ရန်ကုန်ပြည်သူ့ဆေးရုံကြီးက အထူးကြပ်မတ်ဆောင်မှာပေါ့။မနက် ၈ခွဲက အခြေအနေမကောင်းတော့လို့ မိသားစုဝင်တွေစောင့်ကြည့်နေရတာပေါ့။မနက် ၉နာရီမှာ စက်ဖြုတ်တယ်။ကွယ်လွန်ချိန်ကတော့ ၉နာရီဝန်းကျင်ပါပဲ” ဟု သူရဦးတင်ဦးမိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
သူရဦးတင်ဦးသည် ၁၉၇၄ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
သူရဦးတင်ဦး ယခု ကွယ်လွန်ချိန်တွင် အသက် ၉၈နှစ်ရှိပြီဖြစ်သည်။