မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ နဘူးအိုင်ကျေးရွာတွင် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အဘွားအိုတစ်ဦး သေဆုံးပြီး သမီးဖြစ်သူ ဒဏ်ရာရရှိခဲ့ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီထံမှ သိရသည်။
၂၀၂၄ ခုနှစ်၊ မေ ၂၅ ရက်၊ ည ၈ နာရီခန့်တွင် နဘူးအိုင်ကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ သေနတ် အချက် ၅၀ ခန့်ပစ်ဖောက်၍ လက်နက်ကြီး တစ်လုံးကို ပစ်ခတ်ခဲ့ရာ၊ ကျန်းမာရေးမကောင်းသူ အဘွားအိုတစ်ဦးသေဆုံးခဲ့ပြီး ၎င်း၏ သမီးဖြစ်သူမှာ ခြေသလုံးကြေမွ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။
“ အခုလက်ရှိအချိန်ထိ စစ်ကြောင်းက နဘူးအိုင်ကျေးရွာထဲမှာပဲ ရှိနေပါသေးတယ်။ အသက် ၈၀ ကျော် နာမကျန်းဖြစ်နေတဲ့ ဒေါ်ခင်ညွန့်က ဗိုက်ပွင့်ဒဏ်ရာနဲ့ အိပ်ယာထဲမှာ သေဆုံးပြီး၊ သမီးဖြစ်သူ အသက်၆၀အရွယ် ဒေါ်ရွှေအိကတော့ ခြေသလုံးကြေမွသွားတယ်” ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
၂၀၂၄ခုနှစ်၊ မေ ၉ ရက်တွင် မြင်းခြံမြို့နယ်ရှိ ပျူစောထီးအမာခံ ဆုံကျေးရွာ တိုက်ခိုက်ခံခဲ့ရပြီးနောက် စစ်ကောင်စီတပ်က မြင်းခြံမြို့မြောက်ဘက်ရှိ ကျေးရွာများကို ဝင်ရောက်စီးနင်းခြင်းနှင့် မြင်းခြံ – မြို့သာ – နဘူးအိုင်၊ မြင်းခြံ – ဆီမီးခုံနှင့် မြင်းခြံ – တောင်သာကားလမ်းမရှိ လမ်းသွားလမ်းလာပြည်သူများထံမှ ပစ္စည်းများကို ယူဆောင်ခြင်းများပြုလုပ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။
“ မြင်းခြံမြောက်ဘက်ကတော့ ဒီရက်ပိုင်း အဆိုးဆုံးပေါ့၊ တောင်ဘက်မှာကတော့ လမ်းပေါ်တွေ့ရင် ငွေညစ်ကြတယ်။မှတ်ပုံတင်စစ်ပြီး လိုချင်သလောက်မရရင် သူတို့ (စစ်ကောင်စီ) ရစ်တာ ခံပေတော့ပဲ” ဟု တောင်သာမြို့နယ်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ဆိုသည်။
စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် မြင်းခြံမြို့နယ်သည် လက်နက်ကိုင်၍ ခုခံတော်လှန်ရာတွင် အင်အားကောင်းသော မြို့နယ်တစ်ခုဖြစ်ပြီး၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့အများစုမှာ စစ်ကိုင်းတိုင်းဒေသကြီးရှိ မြောင်မြို့နယ်နှင့် မကွေးတိုင်းဒေသကြီးရှိ ပခုက္ကူနှင့် ရေစကြိုမြို့နယ်တို့တွင် အခြေစိုက်ထားသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ မေ ၂၂ ရက်တွင် မြင်းခြံမြို့နယ်၊ ကန်ချောကျေးရွာမှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းက ဓားစာခံအဖြစ်ဖမ်းဆီးခဲ့သော ကန်ချောကျေးရွာမှ အမျိုးသားနှစ်ဦးနှင့် နဘူးအိုင်ကျေးရွာမှ အမျိုးသားတစ်ဦးတို့ကို သတ်ဖြတ်ခဲ့သေးသည်။