နှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေးအကျဉ်းသား ၁၀၁ဦးသာ ပါဝင်ကြောင်းသိရသည်။
ဧပြီ ၁၇ရက်၊ နှစ်ဆန်း ၁ ရက်နေ့တွင် စစ်ကောင်စီက နိုင်ငံတစ်ဝန်းရှိအကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၃၃၀၃ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ရာ ယင်းအထဲ၌ နိုင်ငံရေးအကျဉ်းသား ၁၀၁ဦးသာပါဝင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံကသိရသည်။
လွတ်ငြိမ်းခွင့်ရ နိုင်ငံရေးအကျဉ်းသား ၁၀၁ဦးမှာ မကြာမီ ထောင်ကျရက်စေ့ကာ လွတ်မြောက်တော့မည့် လွတ်ရက်နီးများ ဖြစ်ကြောင်းလည်း သိရသည်။
အင်းစိန်ထောင်မှ ၁၈ဦး၊ ပြည်ထောင်မှ ၁ဦး၊ မြစ်ကြီးနားထောင်မှ ၃ဦး၊ မြိတ်ထောင်မှ ၁ဦး၊ ပုသိမ်ထောင်မှ ၄ဦး၊ အိုးဘိုထောင်မှ ၁ဦး၊ သာယာဝတီထောင်မှ ၂ဦး၊ ထားဝယ်ထောင်မှ ၁ဦး၊ သရက်ထောင်မှ ၁၁ဦး၊ စစ်တွေထောင်မှ ၁၀ဦး၊ မိတ္ထီလာထောင်မှ ၂ဦး၊ ရမည်းသင်းထောင်မှ ၁၉ဦး၊ ကျိုက်မရောထောင်မှ ၃ဦး၊ ဖျာပုံထောင်မှ ၈ဦး၊ ဒိုက်ဦးထောင်မှ ၈ဦး၊ မြင်းခြံထောင်မှ ၆ဦး၊ နေပြည်တော်ထောင်မှ ၁ဦးနှင့် ဂန့်ဂေါထောင်မှ ၂ဦး၊ စုစုပေါင်း နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၁၀၁ဦး လွတ်မြောက်လာကြောင်း PPNM ထုတ်ပြန်ချက်အရသိရသည်။
နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းခွင့်ပြုခြင်းမှာ ဟန်ပြသာဖြစ်ပြီး စုစုပေါင်းလွတ်မြောက်မှု၏ ၅ရာခိုင်နှုန်းပင်မရှိကြောင်း PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကပြောသည်။
” အဓိကက စစ်ကောင်စီရဲ့ စိုးရိမ်ကြောင့်မှု ၊လက်ရှိတော်လှန်ရေးအပေါ်မှာ ဘယ်လောက်ထိ စိုးရိမ်နေတယ်ဆိုတာ သူတို့ဖမ်းဆီးထိန်းသိမ်းထားတဲ့သူတွေကို ပြန်မလွှတ်ပေးရဲလောက်အောင်ထိကို အခက်အခဲတွေ သူတို့(စစ်ကောင်စီ) ရင်ဆိုင်နေရတယ်။ သူတို့ကို ဆန့်ကျင်တွန်းလှန် ပုန်ကန်ခဲ့တဲ့သူတွေကို ပြန်လွှတ်ပေးခြင်းအားဖြင့် တော်လှန်ရေးမှာ အင်အားတွေတိုးလာမှာ သူတို့ကို ဆန့်ကျင်တွန်းလှန်သူတွေ ထပ်ပြီး အင်အားကောင်းသွားမှာကို မလိုလားဘူး” ဟု ၎င်းကပြောသည်။
ရန်ကုန်အခြေစိုက် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးကလည်း စစ်ကောင်စီ၏လွတ်ငြိမ်းခွင့်မှာ ၎င်းတို့၏သဘောထားကို ထင်ဟပ်နေကြောင်း ဆိုသည်။
“စစ်ကောင်စီရဲ့ တင်းမာတဲ့သဘောထားကို အခု အကျဉ်းသား ၃၀၀၀ကျော် လွှတ်ပေးတဲ့အထဲမှာ နိုင်ကျဉ်း နည်းနည်းလေးပါတာက ဖော်ပြနေပါတယ်။ ထုံးစံအတိုင်း နိုင်ငံတကာကို ဂျင်းထည့်လို့ရမ လားပေါ့”ဟု ၎င်းကပြောသည်။
မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၆၅၂၄ ဦးရှိပြီး ယင်းအထဲမှ ၂၀၃၅၁ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက် ၈၉၄၀ မှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ဧပြီ၁၂ရက်တွင် ထုတ်ပြန်ထားသည်။