စစ်ကိုင်းတိုင်း၊ ရွေဘိုမြို့နယ်၊ ညောင်ကိုင်းပျူစောထီးရွာကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၂ဦးသေဆုံးကာ ခဲ့ကြောင်း သိရသည်။
ဧပြီ ၁၆ရက်၊ နံနက် ၈နာရီ မိနစ်၂၀ခန့်တွင် ညောင်ကိုင်းပျူရွာသို့ တည်သီးတော၊ မြင်းစီးနှင့် ကူးတို့ဆိပ်ပျူရွာတို့မှ ပျူစောထီးခေါင်းဆောင်များ စုဝေး ရောက်ရှိနေချိန်၌ ဒရုန်းဖြင့် ဗုံးသီး ၇လုံးကြဲချတိုက်ခိုက်ခဲ့ရာ ညောင်ကိုင်းပျူရွာမှ ပျူစောထီး ၂ဦးသေဆုံးပြီး တည်သီးပျူရွာမှ ပျူစောထီး ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
“ သင်္ကြန်အတက်နေမှာ စုပြီး ပွဲလုပ်တာလို့သိရတယ်ဗျ။ ညောင်ကိုင်းပျူရွာက ပျူခေါင်းဆောင်က ဖိတ်လို့ တခြားပျူရွာကသူတွေက လာတာ။ စစ်သားကတော့ သူတို့ဆီနေတဲ့ အနည်းငယ်တော့ပါတယ်။ ပျူတွေကများတယ်။ ရွာစာသင်ကျောင်းရယ်၊ ဘုန်းကြီးကျောင်းရယ် ၂နေရာကို ကြဲခဲ့တာ” ဟု ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သတင်းပြန်ကြားတာဝန်ခံ ရဲဘော်ဗလကြီးကပြောသည်။
ယင်းတိုက်ခိုက်မှုကို စစ်တပ်ဘက်က စက်ကလေးဖြင့် ပြန်လည်ရမ်းသန်းပစ်ခတ်ခဲ့သော်လည်း PDF ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
“ ပထမတစ်လုံးချပြီးကတည်းက ရမ်းသန်းပစ်တာ။ စက်ကလေးဖြစ်ဖို့များတယ်။ ဘာလို့ဆို ဒရုန်းလွှတ်တဲ့ဘက်တွေထိ ရောက်တယ်” ဟု တိုက်ပွဲဝင်ရဲဘော်တစ်ဦးကပြောသည်။
ယင်းတိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Project Flight ( Fight for Democracy )ဒရုန်းတပ်ဖွဲ့ ၊ SHAR HTOO WAW နည်းပညာတပ်ဖွဲ့ Team6 Drop For Justice -DFJ၊ မတစ်ထောင် (တစ်ကောင်ဘွား) – ဒီပဲယင်းအဖွဲ့၊ Young Ni – SHWEBO ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Fight for Freedom အဖွဲ့၊ ဗိုလ်ဂျပန်ကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့၊Buffalo Soilders Freedom Forceနှင့် Magic Dragonအဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ပျူစောထီးတို့ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။