မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ အဌားလိုက်သွားကြသော စစ်သင်တန်းတက်နေသူများ အားလုံး မိသားစုထံ ဆက်သွယ်ခြင်းမရှိကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်မှ စစ်မှုထမ်းရန် အဓမ္မခွဲတမ်းချခံရသည့် ၇၅ဦးကို ဒေသခံများက ငွေဖြင့် ဌား ရမ်းခဲ့ ကြခြင်းဖြစ်ပြီး မတ်လ၂၉ရက်တွင် ၃၆ဦးနှင့် ဧပြီ၃ရက်၌ ၃၉ဦး မော်လမြိုင်မြို့၊အရှေ့တောင်တိုင်းစစ် ဌာနချုပ်သို့ ပို့ဆောင်ခဲ့ပြီးနောက် လုံးဝ အဆက်အသွယ်ပြတ်တောက်နေကြောင်း ချောင်းဆုံမြို့အုပ် ချုပ်ရေးဝန်ထမ်းတစ်ဦးကပြောသည်။
“သတင်းတွေအရ သံဖြူဇရပ်က အမှတ်-၄ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှာ စစ်သင် တန်းတက်နေတယ်လို့ သိရတာပဲရှိတယ်။ စုံစမ်းသိရသလောက် စစ်သင်တန်းတက်နေသူအားလုံး သူတို့ မိသားစုဆီကို အဆက်အသွယ်ပြန်လုပ်တာမရှိဘူး။ဟိုမှာ ဖုန်းလုံးဝပေးမသုံးလို့ အိမ်နဲ့ အဆက် အသွယ်မရှိကြဘူး” ဟု ၎င်းကပြောသည်။
ယင်း၇၅ဦးစလုံးကို သက်ဆိုင်ရာ ရပ်ရွာတို့က တစ်ဦးလျှင် ကျပ်သိန်း၃၀ မှ သိန်း၅၀ အထိ ပေးပြီး စစ်သင်တန်းသွားတက်ရန် ဌား ရမ်းခဲ့သော်လည်း စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ကြည်သိန်းကမူ မွန်ပြည်နယ်အတွင်းရှိ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၁/၂၀၂၄ သင်တန်းသားများသည် ၎င်းတို့၏ သဘောဆန္ဒအလျောက် စာရင်းပေးသွင်းသူများဖြစ်ကြောင်း ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ရေးသားထားသည်။
“မင်းအောင်လှိုင်က အောင်ကြည်သိန်းကို အရူးဆေးကျွေးထားတာလေ။အဲဒါကြောင့် ရူးချင်ယောင် ဆောင်ပြီး လျှောက်ပြောနေတာ။ ချောင်းဆုံက ၇၅ဦး စစ်ထဲဝင်ဖို့ ခွဲတမ်းချခံရတယ်။ ဘယ်သူမှ မ လိုက်နိုင်လို့ လိုက်နိုင်တဲ့သူတွေကို ရပ်ရွာက ပိုက်ဆံပေးဌား လိုက်တာ ချောင်းဆုံသားတိုင်း သိတယ်” ဟု ချောင်းဆုံအနောက်ပိုင်းရပ်ကွက်သားတစ်ဦးကပြောသည်။
ငွေဖြင့် အဌားလိုက်ကြသည့် ၇၅ဦးတွင် ချောင်းဆုံမြို့သား ရာခိုင်နှုန်း၂၀ ခန့်ပါဝင်ပြီး ကျန် ရာခိုင်နှုန်း ၈၀ မှာ ချောင်းဆုံ၌ လာရောက်အလုပ်လုပ်ကိုင်နေကြသော ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတို့ကဖြစ် ကြောင်း သိရသည်။
“ကျနော် သိသလောက်ပြောရရင် ခရိုက်သစ်၊ကွမ်သဲ၊မရမ်း၊ကုလားဘီ ကနေ စစ်တပ်ထဲ အဌားလိုက် သွားတဲ့သူတွေ တစ်ယောက်မှ အိမ်ကို အဆက်အသွယ်မလုပ်ကြဘူး။ဖုန်းဆက်လို့မရဘူးလို့ ပြောကြ တယ်။ အိမ်ကလူတွေက သေသလား၊ရှင်သလားတောင် မသိဘူး”ဟု ခရိုက်သစ်ရွာသားတစ်ဦးက လည်းပြောသည်။
ချောင်းဆုံမြို့နယ်မှ ၇၅ဦးစလုံးကို ဆေးမစစ်ဘဲ စစ်သင်တန်း တန်းပို့ကြောင်း ချောင်းဆုံမြို့ အုပ်ချုပ် ရေးဝန်ထမ်းကဆိုသည်။
မွန်ပြည်နယ်အတွင်းရှိ စစ်သင်တန်း ၁/၂၀၁၄ ဖွင့်ပွဲကို ဧပြီ၈ရက်က သံဖြူဇရပ်မြို့နယ်၊ဝဲကလိကျေး ရွာရှိ အမှတ် – ၄ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ ပြုလုပ်ခဲ့သည်။