မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်၊ ၆၈လမ်းနှင့် ၆၂လမ်းထောင့်၊ မင်္ဂလာလမ်းရှိ စိန်ကမ္ဘာချည်စက်ရုံ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ကျပ်သိန်း တစ်ထောင်ကျော်ခန့် ဆုံးရှုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ ဝင်များထံမှ သိရသည်။
ယမန်နေ့(ဧပြီ ၁၁ရက်)၊ နံနက် ၁၂နာရီခွဲခန့်တွင် စိန်ကမ္ဘာချည်စက်ရုံ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ စိန်ကမ္ဘာချည်စက်ရုံ လောင်တာပါ၊ ကျတော်တို့ဆီကို သတင်းရရချင်းပဲ Level 1, Level 2 မီးသတ်ယာဉ်တွေနဲ့ ချက်ချင်းတန်းသွားပြီး ငြိမ်းခဲ့ရတယ်။ တစ်နာရီကျော်ကျော်လောက် ကြာတော့ အပြီးသတ် မီးငြိမ်းနိုင်ခဲ့ပါတယ်” ဟု မီးသတ်တစ်ဦးက ပြောသည်။
မီးလောင်ကျွမ်းရသည့် အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်ပြီး Level 2အဆင့် မီးသတ်ယာဉ်များဖြင့် မီးငြိမ်းသတ်ခဲ့ရ ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
“ မီးက တော်တော် များပါတယ်။ စက်ရုံတစ်ခုလုံးကို ပါသွားတယ်။ ဆုံးရှုံးမှုအနေနဲ့ဆိုရင် သိန်းတစ်ထောင်ကျော်ဖိုးလောက်ကို ရှိပါတယ်” ဟု စိန်ကမ္ဘာချည်မျှင်စက်ရုံနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဧပြီ (၉)ရက်၊ မွန်းလွဲ ၁နာရီခွဲအချိန်တွင် ငွေတော်ကျီကုန်းရပ်၊ ၆၈လမ်းနှင့် ၁၂၀လမ်းကြားတွင် မီးလောင်မှုဖြစ်ပွားကာ နေအိမ် ၈လုံးခန့် မီးလောင်ဆုံးရှုံးခဲ့ရသေးသည်။