ကရင်အမျိုးသားအစည်းရုံး(KNU)၏ထိန်းချုပ်နယ်မြေတစ်ခုဖြစ်သည့် နို့တကောမြို့နယ်အတွင်းမှအကြမ်းဖက်စစ်စခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)က သြဂုတ်လ၂၆ရက်နေ့နံနက်ပိုင်းတွင် တက်ရောက်သိမ်းပိုက်ရာ စခန်းရှိတပ်ဖွဲ့ဝင်များက ပြန်လည်မခုခံဘဲ စခန်းစွန့်ခွာထွက်ပြေးသွားသည့်အတွက် အလွယ်တကူသိမ်းပိုက်လိုက်နိုင်ကြောင်း သိရသည်။
ယနေ့နံနက် ၁၀နာရီအကျော်တွင် နို့တကောမြို့နယ် ခုတ်ခွားကျေးရွာတွင်ရှိသည့် အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ ခြေကုပ်စခန်းတစ်ခုကို KNLAတပ်မဟာ၆တပ်ရင်း၁၇တပ်ခွဲ(၁)တပ်ဖွဲ့ဝင်များက တက်ရောက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒူးပလာယာခရိုင်သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။
အဆိုပါအကြမ်းဖက်စစ်တပ်အခြေကုပ်စခန်းကို ပြီးခဲ့သည့် တစ်ပတ်တွင်စစ်တပ် က တပ်စခန်းချရာနေရာအဖြစ်အသုံးပြုခဲ့ပြီး ၎င်းတို့မရှိတော့သည့်နောက် BGF(ကရင်နယ်ခြားစောင့်တပ်ရင်း)တပ်ဖွဲ့ဝင်များကို ထားရှိခဲ့ခြင်းဖြစ်သည်။တက်ရောက်သိမ်းယူရာတွင် BGFဘက်မှ ပြန်လည်ခုခံခြင်းမရှိခဲ့သည့်အတွက် အလွယ်တကူသိမ်းယူရရှိခဲ့သည်ဟုသိရသည်။
အကြမ်းဖက်စစ်စခန်းသိမ်းပိုက်ခံရခြင်းနှင့်ပတ်သက်ပြီး အကြမ်းဖက်စစ်တပ်မှတာဝန်ရှိသူဇော်မင်းထွန်းထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဆက်သွယ်၍မရရှိခဲ့ပေ။
ကရင်နယ်ခြားစောင့်တပ်ရင်း(BGF)ကို တပ်ရင်း၁၃ရင်းဖြင့်ဖွဲ့စည်းတည်ဆောက်ထားခြင်းဖြစ်ပြီး ၎င်းသည် စစ်တပ်၏အစိတ်ပိုင်းတစ်ခုဖြစ်သည်။ကရင်ပြည်နယ်အတွင်းတိုက်ပွဲများတွင် BGFသည် စစ်တပ်ဘက်မှတိုက်ခိုက်ခြင်းများပြုလုပ်လျက်ရှိနေသည်။ ကရင်ဒေသခံများကမူ BGFသည်စစ်တပ်သာဖြစ်ကြောင်းခွဲခြား၍မရကြောင်းဆိုကြသည်။
သြဂုတ်လတတိယအပတ်မှစတင်ပြီး KNUတပ်မဟာနယ်မြေအသီးအသီးတွင်ကရင့်တပ်မတော်များနှင့် အကြမ်းဖက်စစ်တပ်တို့စစ်ရေးအရ တင်းမာမှုများဖြစ်ပေါ်လျက်ရှိနေပြီး တပ်မဟာအသီးသီးတွင် စစ်ရေးလှုပ်ရှားမှုများ ခပ်စိပ်စိပ်ရှိနေသည်။
ဓာတ်ပုံ – စစ်တပ်နှင့် နယ်ခြားစောင့်တပ်များ ကရင်ပြည်နယ်အတွင်း တပ် အရွှေ့အပြောင်း ပြုလုပ်နေသဥ်(ပုံဟောင်း)