နေပြည်တော် အေလာလေတပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ရာ အရာရှိနှင့် အောက်ခြေ စစ်သားအချို့သေဆုံးပြီး အများအပြားဒဏ်ရာရကြောင်း ကနဦးသိရှိရသည်ဟု Mountain Knights Civilian Defense Force (MKCDF)က သတင်းထုတ်ပြန်သည်။
ယနေ့(ဧပြီ၁၁ရက်)နံနက် ၄နာရီ၄၅မိနစ်ခန့်တွင် Brave Warriors for Myanmar (BWM) အဖွဲ့၏ စီမံမှု ဖြင့် MKCDF က ၁၀၇(မမ)ရှော့တိုက်ဒုံး ၇လုံးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး သေဆုံး၊ထိခိုက် အတိအကျကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
“ မူလက အခုထက်စောလုပ်ဖို့ စီစဥ်ခဲ့ပေမယ့် ကြားထဲမှာ တခြားအဖွဲ့တွေကလည်း အေလာကို တိုက်ခိုက်ခဲ့တာကြောင့် လုံခြုံရေးပိုကျပ်သွားခဲ့ပြီး အခုမှခက်ခက်ခဲခဲပြန်လုပ်ခဲ့ရတာပါ။ အချိန် တစ်လ ယူခဲ့ရတာပါ” ဟု MKPDF ၏ပြန်ကြားရေးတာဝန်ခံက MPA သို့ပြောသည်။
နိုင်ငံ၏ဗဟိုအချက်အချာအကျဆုံးနှင့် လုံခြုံရေးအတင်းကျပ်ဆုံးသော နေပြည်တော်အေလာလေ ဆိပ်သည် မြန်မာနိုင်ငံအနှံ့ အပြားသို့ လေကြောင်းတိုက်ခိုက်ရာတွင် စစ်ကောင်စီ အားအထားရဆုံးသော အဆင့်မြင့်လေတပ် စခန်း ဖြစ်ပြီး ကရင်နီဒေသ၊ ကရင်ပြည်နယ် နှင့် ရှမ်းပြည်တောင်ပိုင်းတို့သို့ အဓိက ဗုံးကြဲသည့် တိုက်လေယာဉ် များ နားခိုရာလည်းဖြစ်ကြောင်း MKPDF က ဆိုသည်။
“ နေပြည်တော်ကို သိမ်းဖို့ဆိုရင် ဘယ်အဖွဲ့က တက်သိမ်းသိမ်း လက်ခံတယ်။ ကြိုဆိုတယ်။ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အချိတ်အဆက်မိမိနဲ့ လုပ်ပေးကြပါ။ ပြည်သူကိုအထိအခိုက် နည်းအောင် အောင်အောင်မြင်မြင်နှင့် ဆောင်ရွက်ပေးကြပါ” ဟု နေပြည်တော် ဒေသခံတစ်ဦးက ဆိုသည်။
တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လုံခြုံရေးတိုးမြှင့်ခြင်းနှင့် လေဆိပ်အနီးရှိ ကျေးရွာများသို့ လိုက်လံ စစ်ဆေးနေကြောင်း သိရသည်။
ဧပြီ ၁၁ရက်သည် MKCDF အဖွဲ့ ၏ ၂ နှစ်ပြည့် မွေးနေ့ဖြစ်ပြီး လေတပ်ဖြိုချရန် ရည်ရွယ်ချက်တူသော BWM အဖွဲ့နှင့် ဆက်လက်ပူးပေါင်းကာ လေတပ်ပြိုသည်အထိ တိုက်ခိုက်သွားမည်ဟုလည်း MKCDF ကထုတ်ပြန်ထားသည်။
စစ်သားများသေဆုံး၊ဒဏ်ရာရမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
ဧပြီ၄ရက်တွင် နေပြည်တော်စစ်ရုံးချုပ် နှင့်အေလာလေတပ်ထဲသို့ အသေခံဒရုန်း ၃၅စင်း ပစ်လွှတ်ခဲ့ရာ ၂၉စင်းမှာ ပစ်မှတ်ဆီသို့ ရောက် ရှိခဲ့ ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။