မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်အတွင်းရှိ ကမ္ဘောဇဘဏ်ခွဲတစ်ခုကို နေ့ခင်းကြောင်တောင် ဓားပြ ဝင်တိုက်ခဲ့ရာ ကျပ်သိန်း၂၀၀၀ ကျော်ပါသွားကြောင်း သိရသည်။
ချမ်းအေးသာဇံမြို့နယ်၊ ၇၄လမ်း ၃၁လမ်းနဲ့ ၃၂လမ်းကြား၊ ဆေးတက္ကသိုလ်အနီးရှိ ကမ္ဘောဇဘဏ်ခွဲသို့ ယနေ့(မတ်လ၂၅ရက်)နံနက် ၁၁နာရီဝန်းကျင်တွင် လက်နက်ကိုင်ဆောင်ထားသော အမျိုးသား၃ဦး ဆိုင်ကယ်၃စီးဖြင့် ဝင်ရောက်လာကာ ဓားပြတိုက်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။
“ ဖြစ်တဲ့နေရာကမြို့လယ်ခေါင်ပဲ။လူပြတ်တဲ့နေရာမဟုတ်ဘူး။လူသွားလူလာရှိတယ်။ ဒါပေမယ့်မသိလိုက်ကြဘူး။ပါသွားပြီးမှသိရတာ “ ဟု ချမ်းအေးသာဇံမြို့နယ်နေ ပြည်သူတစ်ဦးကပြောသည်။
ဓားပြတိုက်သူ ၃ဦးသည် သေနတ်အတိုတစ်လက်နှင့် ပုဆိန်တစ်လက်ဖြင့် ရောက်ရှိလာခြင်းဖြစ် ကြောင်း စစ်ကောင်စီ လော်ဘီချန်နယ်တို့၌ ဖော်ပြထားသည်။
“ ဖြစ်သမျှမြို့လယ်တွေ၊ရဲစခန်းနဲ့နီးတာတွေမှာဖြစ်ကြတာပဲ။ ရွှေဆိုင်တွေဆိုလည်းမြို့လယ်တွေပဲ။ သူတို့ဘက်က cctv တွေရထားတာပဲ ၊တခါမှလည်းမမိဘူး။မိတာလည်းမကြားဘူး၊ သူတို့ပျူနဲ့စစ်သားတွေပဲနေမှာ” ဟု မဟာအောင်မြေမြို့နယ်နေပြည်သူတစ်ဦးကပြောသည်။
စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမန္တလေးမြို့ပေါ်ရှိရွှေဆိုင်နှင့် ဘဏ်များ မကြာခဏ ဓားပြတိုက်၊အနုကြမ်းစီးခံနေရပြီး မန္တလေး မြို့တွင်း၌ ခိုးဆိုးလုယက်မှု များနေသော်လည်း သံသယတရားခံများအား ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိပေ။