နိုင်ငံတော်သမ္မတဦးဝင်းမြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် နိုင်ငံ့ခေါင်းဆောင်များ၏ ရင်ဆိုင်နေရသောအမှုများနှင့် ပတ်သက်ပြီး ရှေ့နေအဖြစ်ဆောင်ရွက်ပေးနေသော ရှေ့နေအဖွဲ့မှ ရှေ့နေငါးဦးကိုစစ်တပ်က မီဒီယာဖြေကြားခွင့်ပိတ်ပင်လိုက်ကြောင်းသိရသည်။
“ကျွန်တော်သိသလောက်တော့ တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းမာလာညွန့်အပါအဝင်ငါးယောက်လို့ သိရပါတယ်” ဟုရှေ့နေအဖွဲ့မှရှေ့နေတစ်ဦးက MPAသို့အတည်ပြုပြောဆိုသည်။
နိုင်ငံ့ခေါင်းဆောင်များ၏ရှေ့နေအဖွဲ့တွင် ပါဝင်သော ရှေ့နေငါးဦးကို သြဂုတ်လ ၆ ရက်နေ့မှစတင်ပြီး ပြည်တွင်း၊ ပြည်ပမီဒီယာများသို့ နိုင်ငံ့ခေါင်းဆောင်များ၏ အခြေအနေများနှင့် ပတ်သက်ပြီးဖြေကြားခွင့်ကို ပိတ်ပင်ခဲ့ခြင်းဖြစ်ပါသည်။
“ဟုတ်ပါတယ်။ ကျွန်မသိတာတော့ကျွန်မတစ်ယောက်တည်းပါပဲ။ ကျန်လေးဦးကိုတော့မသိပါဘူး။ ရှေ့လျှောက်ဖြေလို့မရတော့ပါဘူး။ ပိတ်ပင်တာကိုသိရှိကြောင်းလက်မှတ်ထိုးခဲ့ရပါတယ်။” ဟုတရားလွှတ်တော်ရှေ့နေဒေါ်စန်းမာလာညွန့်က အတည်ပြုပြောကြားသည်။
ရှေ့နေအဖွဲ့မှ ရှေ့နေများတွင် တရားလွှတ်တော်ရှေ့နေဒေါ်မင်းမင်းစိုးမှာ နိုင်ငံ့ခေါင်းဆောင်များ၏ အခြေအနေများနှင့်ပတ်သက်ပြီး မကြာခဏပြောဆိုလေ့ရှိသူဖြစ်သည်။
ရှေ့နေငါးဦးထဲတွင် ၎င်းပါဝင်ခြင်းရှိမရှိကို MPAအနေဖြင့်မေးမြန်းကြည့်ခဲ့ရာ”ကျွန်မမသိသေးပါဘူး။ကျွန်မဆီကိုသတိပေးတာမျိုးတော့ လက်ရှိအချိန်မှာမရသေးပါဘူး။ အဲ့ကိစ္စနဲ့ပတ်သက်ပြီးမသိသေးပါဘူးရှင့်” ဟု ဒေါ်မင်းမင်းစိုးက MPAသို့ ပြောသည်။
မကြာမီလပိုင်းအတွင်းကလည်း နိုင်ငံ့ခေါင်းဆောင်အခြေအနေများကို သတင်းထုတ်ပြန်ခြင်းများကြောင့် ရဲတပ်ဖွဲ့က သတိပေးပြောကြားခြင်းများပြုလုပ်ခြင်းခံခဲ့ရသေးကြောင်းသိရသည်။
အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့သည် လာမည့်အပတ်တွင် မြန်မာနိုင်ငံသို့လာရောက်ပြီးနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံရန်စီစဥ်နေကြောင်းသတင်းများထွက်ပေါ်လျက်ရှိချိန်တွင် ယခုကဲ့သို့ ပြောရေးဆိုခွင့်အပိတ်ခံခဲ့ရခြင်းဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း စစ်တပ်၏ကိုယ်စားလှယ်အချို့သည်အတိုင်ပင်ခံပုဂ္ဂိုလ်ကို သွားရောက်တွေ့ဆုံခဲ့သေးသည်။
အဆိုပါအခြေအနေများ၊ဖမ်းဆီးခံနိုင်ငံ့ခေါင်းဆောင်များ၏ ရှေ့နေများကိုကန့်သတ်မှုကိစ္စနှင့်ပတ်သက်ပြီးစစ်တပ်တာဝန်ရှိသူဇော်မင်းထွန်းထံသို့ ဆက်သွယ်ခဲ့သော်လည်းပြန်လည်ဖြေကြားခဲ့ခြင်းမရှိချေ။
“ အထဲကသတင်းတွေ၊ ဘာတွေဖြစ်နေတယ်ဆိုတာ လူထုအရမ်းသိချင်တယ်။ကျန်းမာရေးအခြေအနေတွေသိချင်တယ်။ နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်ပြီးပြောစကားတွေနဲ့ ပတ်သက်ပြီးကြားချင်ကြတယ်။ ရှေ့နေအဖွဲ့ကနေအားလုံးမသိရရင်တောင် တစ်စုံတစ်ရာသိနေရတာဆိုတော့ အဲ့ဒါကို ဖြတ်တောက်ပစ်တဲ့သဘောပေါ့” ဟု နိုင်ငံရေးသုံးသပ် သူတစ်ဦးက ဆိုသည်။
လက်ရှိအချိန်တွင် စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ နိုင်ငံ့ခေါင်းဆောင်များကို စစ်တပ်က ပုဒ်မမျိုးစုံဖြင့်အမှုဖွင့်ပြီး တရားစွဲဆိုထားသည့်အတွက် နိုင်ငံ့ခေါင်းဆောင်များ အနေဖြင့် တရားရင်ဆိုင်နေခြင်းဖြစ်သည်။
နိုင်ငံ့ခေါင်းဆောင်များနှင့် ပတ်သက်သောအမှုများအတွက် ရှေ့နေအဖွဲ့ထားရှိဆောင်ရွက်ထားကြောင်းသိရသည်။
Photo – သတင်းစာရှင်းလင်းပွဲတစ်ခုတွင်တွေ့ရသောရှေ့နေအဖွဲ့ဝင်အချို့