အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီက ဗုံးဖောက်ခွဲမှုဖြင့် ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဇူလိုင်လ ၂၀ ရက်နေ့က ဖမ်းဆီးထားသော အသက် ၂၃ နှစ်အရွယ် ကိုထက်ကိုဦးသည် စစ်ကြောရေးမှာပင် သေဆုံးသွားပြီဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ၎င်းတို့ စုံစမ်းချက်များအရ အတည်ပြုသည်။
“ ကျွန်မတို့ လက်လှမ်းမီသမျှ စုံစမ်းချက်တွေအရ အစ်ကိုလတ်(ကိုထက်ကိုဦး) သေပြီလို့ အတည်ပြုလို့ရတယ်။ သူဘယ်နေ့သေလဲဆိုတာတော့ မသိခဲ့ဘူး။ သြဂုတ် ၂ ရက်နေ့မှာပဲ ကျွန်မတို့သိခဲ့တဲ့အတွက် သူ့ကို အဲ့နေ့ကိုပဲအတည်ယူပြီး သူ့အတွက် ကောင်းမှုကုသိုလ် လုပ်သွားတော့မယ်” ဟု သူ၏ ညီမက MPA သို့ ပြောသည်။
၎င်းက ဆက်ပြီး” လက်လှမ်းမီတဲ့သူရှိရင် ဆက်စုံစမ်းပေးစေချင်တယ်။ သူ့အလောင်းတောင် မရှိတော့ဘူးလို့သိထားတာ။ ကျွန်မတို့ကို ဘယ်စစ်တပ်ကမှ အကြောင်း မကြားသေးဘူး။ မိသားစုတွေက သူအသက်ရှင်နေဖို့ မျှော်လင့်နေဆဲပါ။ သူသာ အသက်ရှင်မယ်ဆို ကျွန်မတို့တွေအတွက်က တကယ့်ကုသိုလ်ထူးတာပဲ” ဟု ဆက်ဆိုသည်။
ကိုထက်ကိုဦးကို ဇူလိုင် ၂၀ ရက်နေ့က ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၈၅ ရပ်ကွက်ရှိ အထည်ချုပ်ပစ္စည်းများ သိုလှောင်ထားသည့် ဂိုထောင်တွင် လက်လုပ်မိုင်းနှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့ကြောင်း အကြမ်းဖက် စစ်ကောင်စီ၏ မီဒီယာမှ ထုတ်ပြန်ခဲ့သည်။
ထိုထုတ်ပြန်ချက်တွင် ပြသသည့် ပုံအရ ကိုထက်ကိုဦးသည် မျက်နှာတွင် သွေးများပေနေသလို နဂိုရုပ်ရည် မဟုတ်တော့သဖြင့် ညှဥ်းပမ်းနှိပ်စက်မှု ဒဏ်ရာများစွာ ရရှိနေပြီက သိသာနေသည်။
၎င်းနှင့်အတူ အမှုတွဲ ဖမ်းဆီးခံ ထားရသည့် ၂၉ ဦးတို့၏ မိသားစုဝင်များကလည်း မည်သည့်နေရာတွင်ရှိနေသည်ကို ဆက်သွယ်၍ မရသဖြင့် စိုးရမ်နေကြကြောင်း MPA သို့ ပြောသည်။
MPA ၏ စုံစမ်းချက်များအရ ၎င်းတို့အားလုံးကို ရွှေပြည်သာမြို့နယ်ရှိ အမှတ် ၁ စစ်အကျဥ်းထောင်တွင် ချုပ်နှောင်ထားပြီး ရန်ကုန်၊ ပဲခူးနှင့် မန္တလေး အစရှိသည့် မြို့များမှ လူငယ်များကို ထပ်မံဖမ်းဆီးရန် စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။
“ ရှင်းရှင်းပြောရရင် ကျွန်တော်တို့တောင် ဘာကိစ္စဆိုတာ အပြည့်အဝ သိခွင့်မရှိဘူး။ လောလောဆယ်တော့ ကျွန်တော်တို့စခန်းက စုံစမ်းရသလောက် ဒဂုံဆိပ်ကမ်းမှာ ဖမ်းမိတဲ့သူတွေ အမှုဖွင့်ထားတာမှာ အဲ့နာမည်တော့ မတွေ့ဘူးဗျ။ အဲ့ဒီနာမည်ကို ရွှေပြည်သာဘက် မေးတော့လည်း သေဆုံးတယ်လို့တော့ မကြားရဘူး။ အဲ့လို အမှုတွေက ကိစ္စတော်တော်များများ ကျွန်တော်တို့ မသိရတာများတယ်” ဟု ဒဂုံဆိပ်ကမ်းရဲစခန်းမှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဖမ်းဆီးခဲ့သည့် မြို့နယ်များရှိ ရဲစခန်းများတွင်ပင် ချုပ်ရမန် ယူရုံကလွဲ၍ စခန်းရှိ ရဲတပ်ဖွဲ့ဝင်အချို့ပင် အပြည့်အစုံ မသိရဟု သိရသည်။