ခွန်ပြည့်အားပြည့် အရှိန်အဟုန်ပြင်းစွာဖြင့်တောက်လောင် ဖြတ်စီးလာခဲ့သော နွေဦးတော်လှန်ရေးမှာ မြန်မာပြည်သူတို့၏ မာကျောသော ယုံကြည်မှု၊ပေးဆပ်မှုနှင့် ဒဏ်ခံနိုင်စွမ်း မပါဘဲ အဆင့်သစ်တစ်ခုဆီ တက် လှမ်းနိုင်မည်မဟုတ်ပေ။
မြန်မာပြည်သူတို့၏ ခမ်းနားလှသော ဒီမိုကရေစီရေး ယုံကြည်မှုအပေါ်နိုင်ငံတကာအသိုင်းအဝိုင်းက ခြွင်းချက်မရှိ သိရှိပြီးဖြစ်သော်လည်း ယနေ့ထိတိုင် မြန်မာပြည်သူတို့၏ မျှော်လင့်ချက်အပေါ် လက်တွေ့ကျ သည့် ထောက်ခံမှု မပေးနိုင်ခြင်းမှာ ဝမ်းနည်းဖွယ်ကိစ္စရပ်တော့ မဟုတ်ပေ။
မြန်မာပြည်သူတို့၏ စစ်မှန်သောဆန္ဒ ၂၀၂၀ရွေးကောက်ပွဲရလဒ်ကို စစ်ကောင်စီက လက်နက်ဖြင့် အာဏာ သိမ်းလိုက်ကြောင်း ပြည်တွင်း၊ပြည်ပ အားလုံးက သိရှိပြီးဖြစ်သည်။သို့သော်၊စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံရေးကိုမူ နိုင်ငံအချို့က လက်မလွှတ်နိုင်။စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံရေး၊ ထိုမှတစ်ဆင့် တွေ့ဆုံဆွေးနွေး အဖြေရှာရေးမှသည် အပြောင်းအလဲတစ်ရပ်ဆီသို့ ဆိုသည့် ဆင်ခြေပေးကြသည်။
၂၀၂၁ခုနှစ်၊ဧပြီ၂၄ရက်နေ့၊မြန်မာ့အရေးအာဆီယံဘုံသဘောတူညီချက် ၅ရပ် ထွက်ပေါ်လာချိန်တွင် နိုင်ငံတကာအသိုင်းအဝိုင်းက လှိုက်လှဲစွာထောက်ခံမှုပေးကြသော်လည်း အာဆီယံရော နိုင်ငံတကာအသိုင်းအ ဝိုင်းကပါ ဘုံသဘောတူညီချက်၅ရပ် ဖော်ဆောင်နိုင်ရေး မည်သို့မျှ မတတ်နိုင်။မတတ်နိုင်ရခြင်း၏ အဓိကအ ကြောင်းရင်းမှာ စစ်ကောင်စီက မူ၅ရပ်ကို ငြင်းပယ်ရုံတင်မက ပြည်သူသတ် အကြမ်းဖက်တိုက်ခိုက်မှုများကို မည်သူ့ကိုမျှ ဂရုမစိုက် လုပ်ဆောင်နေခြင်းကြောင့်ဖြစ်သည်။
မူ၅ရပ်ကို ငြင်းပယ်ခြင်းကြောင့် အာဆီယံပေးသည့် ပြစ်ဒဏ် စစ်ခေါင်းဆောင်များကို အာဆီယံထိပ် သီးအစည်းအဝေး တက်ရောက်ခွင့် ပိတ်ပင်ခြင်းသည် လုံလောက်မှုမရှိကြောင်း လက်တွေ့ဖြစ်ရပ်များက သက် သေခံနေသည်။သို့သော်၊ထပ်တိုး ပြစ်ဒဏ် အာဆီယံ မလှမ်းနိုင်။မူ၅ရပ်ကိုသာ ကျစ်ကျစ်ပါဆုပ်ကိုင်ကာ မြန်မာ ပြည်သူများအား စစ်ကောင်စီသတ်သမျှ ထိုင်ကြည့်နေကြသည်။
ပဇီကြီးရွာ၊လက်ယက်ကုန်းရွာ၊အနန့်ပါဒေသ၊မုန်လိုင်ခက်စစ်ဘေးရှောင်စခန်း…..။စစ်ကောင်စီတပ်၏ အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများစွာ။ကုလသမဂ္ဂလူ့အခွင့်အရေးအရာရှိဟောင်း များဖြင့်ဖွဲ့စည်းထားသော မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးအဖွဲ့(IIMM)က စစ်ကောင်စီ ၏ ကြောက်မက်ဖွယ်လူ့အခွင့်အရေးချိုးဖောက်မှုများကို အချက်အလက်ခိုင်လုံစွာ ပြုစုထားသော်လည်း ယင်း အပေါ် ကမ္ဘာကြီးက လျစ်လျူရှုဆဲဖြစ်သည်။
နိုင်ငံတကာအသိုင်းအဝိုင်းမှာ စစ်ကောင်စီကို စားပွဲဝိုင်းပေါ်သို့ ဆွဲမတင်နိုင်သော်လည်း မြန်မာပြည်သူ တို့၏ ရွေးချယ်မှု လက်နက်ကိုင်တော်လှန်ရေးကိုလည်း ထောက်ခံအားပေးခြင်းလည်း မရှိ။မြန်မာ့အရေး နှုတ် ၏ စောင်မခြင်းထက်မပိုသော ဖေးမမှုမျိုးသာ ပံ့ပိုးခဲ့သည်။
၁၀၂၇စစ်ဆင်ရေးမှသည် နိုင်ငံတကာအသိုင်းအဝိုင်းက မမျှော်လင့်ထားသော စစ်ရေးအောင်မြင်မှုများ ဖြင့် တစ်ဆစ်ချိုးပြနိုင်ခဲ့သည်။စခန်းသိမ်းတိုက်ပွဲအလီလီ၊မြို့သိမ်းတိုက်ပွဲတို့သည်လည်း မနည်း။အလံဖြူ ထောင်အညံ့ခံခြင်းနှင့်အလင်းဝင်စစ်သားတို့သည်လည်း များစွာ။သို့သော်၊နိုင်ငံတကာအသိုင်းအဝိုင်းမှာ တုပ် တုပ်မလှုပ် သူတို့နှင့်မဆိုင်သလိုမျိုး။
UNOCHA Myanmar ၏ ဒီဇင်ဘာ၁၅ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာသူ ဦး ရေ၂ဒဿမ ၆သန်းကျော်သွားပြီဟု သိရသည်။ NUG အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်များမှတစ်ဆင့် သွားမှ သာ စစ်ရှောင်များဆီသို့ စာနာမှုအကူအညီ အမှန်တကယ် ရောက်ရှိမည်ကို နိုင်ငံတကာက အသေ အချာသိရှိသော်လည်း ကုလသမဂ္ဂသည် စစ်ကောင်စီ ငြိုငြင်မည်ကို မလိုလား။
အဆိုးရွားဆုံးအခြေအနေမှာ တော်လှန်ရေးအင်အားစုဘက်က စစ်ရေးအရှိန်အားကောင်းလာသည့်အ ချိန်တွင် အိမ်နီးချင်းတရုတ်က အပစ်အခတ်ရပ်ရန် ညီနောင်၃ဖွဲ့ကို ဖိအားပေးလာခြင်းဖြစ်သည်။
ဒီဇင်ဘာ၁၁ ရက်နေ့၊ကူမင်းတွင် ညီနောင်၃ဖွဲ့နှင့်စစ်ကောင်စီကို တွေ့ဆုံပေးခြင်းမှာ စစ်ရေးဖိအားကြီးစွာဖြင့် ဗျာများနေ သောစစ်ကောင်စီ သက်ဆိုးရှည်စေရေးအတွက် တရုတ်၏ ကြိုးပမ်းချက်ဖြစ်သည်။
သက်တော်ရှည်ဒီမိုကရေစီနိုင်ငံကြီးဖြစ်သော အိန္ဒိယက မြန်မာ့ဒီမိုကရေစီ၊မြန်မာ့နွေဦးမှာ သူတို့နှင့် မ ဆိုင်သလို၊ သွေးစွန်းနေသော မြန်မာစစ်ခေါင်းဆောင်တို့လက်ကို သုတ်ပေးကာ လက်ဆွဲနှုတ်ဆက်ရုံသာ ဆန္ဒရှိသည်။ဆွေမျိုးပေါက်ဖော်တရုတ်ကြီးကလည်း စစ်ကောင်စီနှင့်ပင် ဆွေမျိုး ပေါက်ဖော်တော်စပ်လိုသည်။ အာဆီယံနှင့်နိုင်ငံတကာအသိုင်းအဝိုင်းမှာ မြန်မာ့အရေးကြေညာချက်များထုတ်ပြန်ကာ အလုပ်ရှုပ်ပြနေမြဲဖြစ် သည်။
နွေဦးတော်လှန်ရေးအလံတော်သည် မုန်တိုင်းထန်နေသော မီးပင်လယ်ထဲ ကိုယ့်သွေး၊ကိုယ့်အသက်၊ ကိုယ့် တက်၊ ကိုယ့်ရွက်ဖြင့် ဆက်လက်ဖြတ်သန်းရန်မှတစ်ပါး အခြားမရှိကြောင်း အထက်ပါဖြစ်ရပ်များစွာက ပြောပြနေပေသည်။ကျွန်ုပ်တို့ ဆတက်ထမ်းပိုး သွေးစည်းညီညွတ်စွာဖြင့် ကိုယ့်အားကိုယ်ကိုးကြရန် ပစ္စက္ခ တော်လှန်ရေးဘဝက အရေးတကြီးတောင်းဆိုနေပေသည်။