ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များနှင့် KNLA၊ PDF ပူးပေါင်း တပ်ဖွဲ့များအကြား တစ်နေကုန်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၇ ဦးနှင့် အထက်သေဆုံးကာ ၂၀ ကျော်ထိခိုက် ဒဏ်ရာရခဲ့ကြောင်း စစ်ရေးတာဝန်ရှိသူတစ်ဦးထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်၊ မနက် ၈ နာရီခန့်တွင် ဖြူးမြို့နယ်၊ ကျော်လှကြီးရွာသို့ အင်အား ၁၂၀ ဖြင့်စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ်များနှင့် ပူးပေါင်းတပ်များအကြား ထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ညနေ ၃ နာရီ ၃၀ မိနစ်တွင် ခလရ-၄၈ တပ်ရင်းမှ G1 ဦးစီးသည့် အင်အား ၁၀၀ ဝန်းကျင်ပါစစ်ကောင်စီစစ်ကြောင်းနှင့် ထပ်မံ၍ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။
” အဓိကကတော့ ကျော်လှကြီးရွာက ကျတော်တို့ဘက်က စစ်ဘောင်ချဲ့ထားတဲ့ နယ်နိမိတ်ရဲ့ အစွန်းဖြစ်တယ်။ အဲ့ဒီ တော့ကျတော်တို့ စစ်ဘောင်ချဲ့လာတဲ့အပေါ် သူတို့(စကစ) စိုးရိမ်မကင်းဖြစ်တဲ့ဟာကို သူတို့ပြန်တုံ့ပြန်တဲ့အနေနဲ့ စစ်ကြောင်းထိုးလာတာလို့ ထင်တယ်ဗျ။ ဒီကျော်လှကြီးကျေးရွာကတစ်ဆင့် သူတို့ထိုးစစ်ဆင်တဲ့အခါ ကျတော်တို့ စိုးမိုးနယ်မြေထဲကို အနည်းနဲ့အများ ပြန်လည်စိုးမိုးနိုင်ဖို့ဖြစ်ပါလိမ့်မယ် ” ဟု ယင်းစစ်ဆင်ရေးနှင့်စပ်လျဉ်း၍ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အထိနာခဲ့သဖြင့် ကျော်လှကြီးရွာနှင့် အနီးတဝိုက်ရှိကျေးရွာများကို Mi-35 ရဟတ်ယာဉ်ဖြင့် (၅) ကြိမ်၊ Jet Fighter လေယာဉ်သုံးစီးဖြင့် (၁၅) ကြိမ်၊ Mi-2 ရဟတ်ယာဉ်ဖြင့် (၁)ကြိမ် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီလက်အောက်ခံ ခမရ-၅၉၉၊ ခမရ-၄၃၉ တပ်ရင်းများမှ လက်နက်ကြီးပစ်ကူပေးကာ ပစ်ခတ်ခဲ့မှု ကြောင့် ဘုန်းကြီးကျောင်းတစ်ကျောင်း၊ ထိခိုက်ပျက်စီးခဲ့သည့်အပြင် လက်ပန်တန်းရွာမှ ပြည်သူ ၂ ဦး အပါအဝင် အရပ်သားပြည်သူ ၈ ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းလည်း သိရှိရသည်။
” လွန်ခဲ့တဲ့ ၄/၅ လ ဝန်းကျင်ကတော့ ရွာလုံးကျွတ်စစ်ဘေးရှောင်ကြတယ်။ တော်တော်များများပေါ့။ တစ်ချို့တစ်ဝက် ပဲ ကျန်ခဲ့တယ်။ ဒါပေမယ့် ဒီကာလက စပါးရိတ်တဲ့ကာလဖြစ်တော့ တော်တော်များများပြန်လာကြတယ်။ ရွာသားတွေ က စပါးရိတ်ဖို့ ရွာထဲမှာအကုန်လုံးပြန်ဝင်နေကြတော့ ရွာတွေမှာ ရွာသူ၊ ရွာသားတွေ ရှိတယ်လို့ ပြောရမယ်။ “ ဟု တော်ဝင်ဒေါင်းစစ်ကြောင်း-Royal Peacock Column မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါတိုက်ခိုက်မှုများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ရိုးမစစ်ကြောင်း-၁၊ ရိုးမ စစ်ကြောင်း-၅ နှင့် တော်ဝင်ဒေါင်းစစ်ကြောင်း-Royal Peacock Column ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော်တစ်ဦး ၄၀ မမ ကျည်စထိမှန်(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရှိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်တွင်လည်း ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာအနီး၌ တော်ဝင်ဒေါင်း စစ်ကြောင်း-Royal Peacock Column နှင့်ပူးပေါင်းတပ်ဖွဲ့များမှ စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ အရာရှိ ၁ ဦးအပါအဝင် ၁၅ ဦးခန့် သေဆုံးခဲ့ကာ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။