စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့၊ ဘုတလင်ပြည်သူ့ဆေးရုံရှိ ဆေးရုံအုပ် အပါအဝင် ကျန်းမာရေးဝန်ထမ်း (၁၅)ဦး CDMပြုလုပ်သွားသောကြောင့် နိုဝင်ဘာ ၁၉ရက်၊ မနက်၁၀နာရီခွဲတွင် စစ်ကောင်စီတပ်က ပြည်သူ့ဆေးရုံကို ပိတ်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“ ဆေးရုံအုပ်ရော၊ ကျန်းမာရေး ဝန်ထမ်းတွေရော အကုန်လုံး CDM လုပ်သွားကြတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ရက် မနက်ကတည်းက အကုန်လုံးပြန်လာကြတာပဲ၊ ကာကွယ်ရေးတပ်ဖွဲ့တွေက ဆေးရုံအုပ်ကို ဖုန်းနဲ့ဆက်ပြီး အကြောင်း ကြားတယ်ဆိုပြီးလည်း ပြောနေကြတာပဲ” ဟု ဘုတလင်မြို့ရှိ ဒေသခံပြည်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ရက် ညနေပိုင်းတွင် ဘုတလင်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်းသို့ လက်နက်ကြီးကျည် နှစ်လုံး ကျရောက်ပေါက်ကွဲပြီးနောက် ကျန်းမာရေးဝန်ထမ်းများသည် CDM ပြုလုပ်ကာ၊ ထွက်ပြေး တိမ်းရှောင်သွား ခြင်းဖြစ် သည်။
“ အရင်တစ်ခါတုန်းက မီးသတ်ရုံးကို PDFတွေ ဝင်စီးပြီး မီးသတ်ကားတွေနဲ့ ဝန်ထမ်းတွေပါ ခေါ်သွားတယ်လေ၊ အခုဆေးရုံရောဆို ပိတ်လိုက်ရတာက စုစုပေါင်း ၄ခုရှိသွားပြီ၊ မြို့သိမ်းတိုက်ပွဲတွေကလည်း အားကောင်းနေတာဆို တော့ ဆက်ပြီး မနေရဲကြတော့တာဖြစ်မှာပေါ့” ဟု ဘုတလင်မြို့နယ်မှ CDM ဝန်ထမ်းတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် သြဂုတ် ၇ ရက်တွင် ဘုတလင်မြို့နယ်၊ မီးသတ်ဦးစီးဌာနကို PDFတပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းခဲ့ပြီး ဦးစီးမှူး အပါအဝင် ဝန်ထမ်းများနှင့် မိသားစုဝင် စုစုပေါင်း ၂၀ခန့်ကို ဖမ်းဆီးကာ၊ ၎င်းတို့၏သဘောဆန္ဒအရ လွတ်မြောက် နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။
ယခုလက်ရှိ ဘုတလင်မြို့နယ်တွင် ပြည်သူ့ဆေးရုံ၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ မြို့နယ် မီးသတ်ဦးစီးဌာနများမှ ဝန်ထမ်းများသည် CDMပြုလုပ်ကာ ထွက်ပြေး တိမ်းရှောင်သွားသောကြောင့် စစ်ကောင်စီက အဆိုပါ ဌာနများကို ပိတ်ထားကြောင်း သိရသည်။
ဘုတလင်မြို့သည် စစ်ကောင်စီတပ်၏ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခနှင့် မိုင်(၂၀)ခန့်သာ ကွာဝေးပြီး နယ်မြေချင်းထိစပ်နေသည့် ဘုတလင်မြို့နယ် ကျေးရွာများရှိ ပြည်သူများကို ဖမ်းဆီးစစ်ဆေးခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။