စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏သမီးဖြစ်သူ ခင်သီရိသက်မွန်အပါအဝင် စစ်တပ်ထိပ်ပိုင်းအရာရှိများ ၏ သား၊ သမီးများအစုရှယ်ယာပါဝင်ထားသည့် HONEY NEST Bar ကို အပြီးရောင်းချခြင်း (သို့မဟုတ်) ငှားရမ်းခြင်းဖြင့် ပိုင်ရှင်ပြောင်းရန်စီစဉ်နေကြောင်း ယင်းဆိုင်နှင့် နီးစပ်သူများထံက သိရသည်။
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ (၁) ရပ်ကွက်၊ သမိုင်းဘူတာရုံလမ်းမပေါ်ရှိ စတုရန်းပေ (၄၀,၀၀၀) ကျော် အကျယ်အဝန်းရှိသည့်မြေနေရာတွင် ကလပ်၊ ဘား၊ ကေတီဗီနှင့် ဟိုင်းခန်းပေါင်း (၃၀) ကျော် ပါဝင်သည့် HONEY NEST Bar သည် စစ်တပ်ထိပ်သီးအရာရှိများ၏ သားသမီးအသိုင်းအဝိုင်းနှင့် ခရိုနီကြီး များ၊ ၎င်းတို့၏ သားသမီးများနှင့် ရန်ကုန်မြို့မှ ရေပေါ်ဆီလူတန်းစားများ မိုးလင်းပေါက် လာရောက်ပျော် ပါးလေ့ရှိသည့် နေရာတစ်ခုဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် အကြီးစားစီမံကိန်းတစ်ခုအဖြစ် အလျှင်အ မြန်တည်ဆောက်ကာ ဖွင့်လှစ်ထားခဲ့သည့် နိုက်ကလပ်တစ်ခုဖြစ်သည်။
“ ခေါင်းပြောင်း(ပိုင်ရှင်ပြောင်း)ဖို့ပါ ကြံနေကြတယ်လို့ ကလပ်အတွင်းပိုင်းမှာ သတင်းတွေ ထွက်နေတယ် HONEY NEST ရဲ့ Page မှာတင် အဆောက်အဦးတစ်ခုလုံး ငှားမှာလိုလို၊ Indoor ပဲလိုလို၊ Outdoor ပဲလိုလိုနဲ့ တစ်ခုချင်းစီပဲ ခွဲငှားမှာလိုလိုမျိုးကို တရားဝင်တင်ထားတယ်။ ရှယ်ပြန်ပြင်ပြီး ပြည်တွင်း၊ ပြည်ပ က ပွဲလုပ်ချင်တဲ့ အော်ဂနိုက်ဇာတွေကိုတောင် အကျိုးအမြတ်ပေးမယ်လို့ ကြေညာတာတွေလုပ်ပြီး ပြန် ဖွင့်တာမှ သိပ်မကြာသေးဘူး။ ဒီရက်ပိုင်းထဲတင် ကောက်ခါငင်ခါကြီး ငှားမှာလိုလို၊ ရှယ်ယာရှင်ထပ်ခေါ် သလိုလို၊ အကုန်ပဲရောင်းမှာလိုလို” ဟု HONEY NEST Bar နှင့် နီးစပ်သူတစ်ဦးက MPA ကိုပြောသည်။
HONEY NEST Bar သည် ရန်ကုန်အခြေစိုက် ပျောက်ကြားအင်အားစုများ၏ အဓိကပစ်မှတ်ထား တိုက် ခိုက်လေ့ရှိသည့် နေရာတစ်ခုဖြစ်သော်လည်း ဆိုင်သို့လာရောက်သူများ ထိခိုက်ခြင်းမရှိစေရန် ခြောက် လှန့်သည့်အနေဖြင့် ဖောက်ခွဲမှုများပြုလုပ်လေ့ရှိသည့် နေရာတစ်ခုဖြစ်ကြောင်း ရန်ကုန်အခြေစိုက်တော် လှန်ရေးအဖွဲ့များ၏ ထုတ်ပြန်ခဲ့မှုများအရ သိရသည်။
“ ကြည့်ရတာ သူတို့တွေ အခြေအနေမကောင်းတော့ဘူးဆိုတာသိပြီး ရတာသမျှအကုန်ယူပြီး လစ်ပြေး ကြတော့မယ်နဲ့တူတယ်။ ဒါကအစပဲရှိဦးမယ်။ တစ်ခြားဘာတွေကိုများ ရအောင်သယ်ဖို့ စီစဉ်ထားကြ သေးလဲ မသိဘူး။ ကျွန်တော်တို့လို အောက်ခြေကလူတွေအတွက်ကတော့ ကိုယ့်အလောင်းပဲ ကိုယ်သယ် ကြဆိုတဲ့ အချိုးနဲ့။ ရင်နာဖို့ကောင်းတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ရှိ နိုက်ကလပ်များအနက် အစောဆုံးစတင်ဖွင့်လှစ်ခဲ့သည့် HONEY NEST Bar သည် မူးယစ်ဆေးဝါးများကို အမျိုးအစားစုံလင်စွာဖြင့် ရောင်းချမှုများပြုလုပ်ကာ လာရောက် သူများအနေဖြင့် တရားဝင်နီးပါး ပေါ်ပေါ်ထင်ထင် သုံးစွဲရရှိနိုင်သည့် နာမည်ကျော် နေရာတစ်ခုဖြစ်ပြီး အ ဆိုပါဆိုင်များသည် စစ်ကောင်စီ၏ အဓိကဝင်ငွေရလမ်းတစ်ခုဖြစ်စေရန် ဖွင့်လှစ်ထားသောနေရာများ ဖြစ်ကြောင်း သိရသည်။
“ လူငယ်တွေ တော်လှန်ရေးဘက်မလှည့်နိုင်အောင်ရယ်၊ မူးယစ်နွံ့ထဲကျွံ့သွားအောင်ရယ်နဲ့ သူတို့လည်း ဝင်ငွေကောင်းကောင်းရမယ်။ ဒီလိုပုံစံနဲ့ ဒီလိုနေရာတွေကို အာဏာသိမ်းပြီးတာနဲ့ တန်းဖွင့်တာကိုကြည့် ရင် သိနိုင်ပါတယ်။ ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင်ပစ်နိုင်တာပေါ့ဗျာ” ဟု စစ်ကောင်စီကိုဆန့်ကျင် တော်လှန်နေသည့် လူငယ်တစ်ဦးကဆိုသည်။
HONEY NEST Bar ကိုတစ်ညလျှင် လူဦးရေး ထောင်ဂဏန်းခန့်အဝင်အထွက်ရှိပြီး အဆိုပါဆိုင်၏ တစ် ညတာဝင်ငွေသည် ကျပ်သိန်းထောင်နှင့်ချီရရှိကြောင်း ၎င်းကဆက်လက်ရှင်းပြသည်။
“ပိတ်ရက်တွေနဲ့ သောကြာနေ့လို ညမျိုးတွေဆို လူထောင်ဂဏန်းဝင်ဆံ့တဲ့နေရာက ပြွတ်သိပ်နေတာ။ ဒီကရတဲ့ ဝင်ငွေကို တွက်သာကြည့်ပေတော့။ ဒီလိုနေရာမျိုးကို အခုလိုရုတ်တရက် လက်လွတ်ဖို့ စီစဉ် နေတယ်ဆိုတာကြီးက စဉ်းစားစရာဖြစ်နေတယ်။ ဘာကြောင့်ဆိုတာ ပြေးမကြည့်တောင် သိနိုင်ပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ (၁၃) ရက်၊ ည (၉) နာရီကျော်တွင် HONEY NEST Bar ၌ အသံဗုံးဟုယူဆရသည့် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိဘဲ အဆိုပါဘားတွင် ယခင်ကလည်း ပေါက်ကွဲမှု များ ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။