မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းပျူစောထီးရွာမှ အကြောင်းမဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် မြင်သားရွာပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ၂ဦးသေဆုံးပြီး ကလေးငယ်များအပါအဝင် ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံကသိရသည်။
ယမန်နေ့(စက်တင်ဘာ၁၆ရက်)ည ၇ နာရီအချိန်ခန့်တွင် မြောက်ခင်ရန်းပျူစောထီးရွာမှ ၁၂၀မမ လက်နက်ကြီး၂ချက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
“ ပထမတစ်ချက်က သာလင်းဘက်ကိုထုတယ်။ ပြီးမှ ကျတော်တို့ဘက်ကိုထုတာ နောက်တစ်ချက်ကလေ။ အဲ့မှာ ဒေါ်မြဝိုင်းတို့အိမ်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တယ်ဗျ။ ဒေါ်မြဝိုင်းတို့အိမ်မှာ တောင်ခင်ရန်းကနေ စစ်ဘေးရှောင်နေတဲ့ မိသားစုထိခိုက်ခဲ့တာပေါ့။ အဲ့မှာ ပွဲချင်းပြီး ၂ယောက်သေဆုံးတယ်။ ဘေးအိမ်တွေလည်း ထိခိုက်ခဲ့တာလေ။ ၇ယောက်ကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်” ဟု မြင်သားရွာဒေသခံတစ်ဦးက MPAသို့ပြောသည်။
အဆိုပါလက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကိုစိုးလင်းအောင် (အသက်၂၃နှစ်)နှင့် မဝေဝေလွင် (အသက်၂၀နှစ်)တို့ ဇနီးမောင်နှံ၂ဦးသေဆုံး၍ ၁၀နှစ်အောက်ကလေးငယ် ၃ဦး၊ အမျိုးသား ၂ဦးနှင့် အမျိုးသမီး ၂ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
လက်ရှိတွင် ဒဏ်ရာရရှိသူများကို လက်ပံဆေးရုံမှတဆင့် ခွဲစိတ်ကုသမှုပေးသည့် တော်လှန်ရေးဆေးရုံတစ်ခုသို့ ပို့ဆောင်ပေးခဲ့သည်ဟုဆိုသည်။
မြင်သားရွာသည် မြောက်ခင်ရန်းရွာ၏ အရှေ့တောင်ဘက် လေမိုင်၈မိုင်ခန့်သာကွာဝေးပြီး မြစ်သာမြစ် အရှေ့ဘက်ကမ်းတွင်တည်ရှိသည်။
မြောက်ခင်ရန်းပျူစောထီးရွာမှ မြင်သားရွာသို့ ယခင်ကလည်း မကြာခဏလက်နက်ကြီး အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်မှုများ ရှိခဲ့သည်ဟုသိရသည်။
လွန်ခဲ့သည့် သြဂုတ်လ၁၁ရက်နေ့က မြောက်ခင်ရန်းပျူစောထီးရွာမှပစ်ခတ်သည့် အလားတူ လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် မြင်သားရွာခံ ၃ဦးသေဆုံးပြီး ၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်ဟုဆိုသည်။
“ အရင်ကလည်း ဒီလိုထုတာတွေရှိတယ်။ မြင်သားရွာကြီးထဲကျတာချည်းပဲကို ၄လုံး။ ရွာပတ်ချာလည်တွေ၊ စာသင်ကျောင်းအရှေ့ဘက်တွေ ကျတာတွေလည်းရှိတယ်ဗျ။ ထုတာကတော့ ဘာအကြောင်းပြချက်မှလည်း မရှိပါဘူးဗျာ။ ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေအပေါ်၊ ရွာတွေအပေါ်ကို လျှောက်ပြီးထုနေတာပါ။ “ဟု ဒေသခံကဆက်ပြောသည်။
မြောက်ခင်ရန်းရွာမှ စစ်ကောင်စီနှင့်ပျူစောထီးများသည် စက်တင်ဘာလ၁၅ရက်နေ့မနက်ပိုင်းက သင်တောရွာအတွင်းဝင်ရောက်၍ ဘန်ကာများဆောက်လုပ်ကာ နယ်မြေချဲ့ရန်ကြိုးစားခဲ့သေးသည်။
ယင်းသို့လုပ်ဆောင်နေစဥ် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီး၊လက်နက်ငယ်များ၊ ဒရုန်းများဖြင့်တိုက်ခိုက်ခဲ့ရာ ၈ဦးသေဆုံး၊ ၁၇ဦးထိခိုက်ဒဏ်ရာရရှိပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ယမန်နေ့ကသတင်းထုတ်ပြန်ထားသည်။