ပဲခူးတိုင်းတွင် ရေကြီးနေသဖြင့် ရန်ကုန် – မန္တလေး ကားလမ်းဟောင်း ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားကြောင်း ပဲခူးဒေသခံများထံမှ စုံစမ်းသိရသည်။
ယမန်နေ့ ဩဂုတ်လ ၁၀ ရက်နေ့ ညနေ ၄ နာရီက စတင်ပြီး ပဲခူးမြစ်ရေ မြင့်တက်လာမှုကြောင့် ရန်ကုန် – မန္တလေး ကားလမ်းဟောင်း ဖြတ်သန်းသွားလာခွင့်ကို ယာယီပိတ်ထားခြင်းဖြစ်ကြောင်း ပဲခူးဒေသခံတစ်ဦးက ယခုလို ပြောသည်။
“ ပဲခူးမှာ ရေတော်တော်ကြီးနေတာ။ အခုဆို အမြန်လမ်းက တိုးဂိတ်လဲ ရေက ဒူးနားရောက်တော့မယ်။ ရန်ကုန်-ပဲခူးသွားတဲ့ မီနီဘတ်စ်လေးတွေတောင် မဆွဲတော့ဘူး။ လမ်းဟောင်းက ရေတော်တော်တက်နေလို့ ကားဖြတ်လို့ မရတော့တာ။ ရန်ကုန်က လာမယ်ဆို ပြင်စီမီးပွိုင့်မှာ ညာဘက်ချိုးပြီး မြို့ဦးကင်းတံတားဘက်က သွားလို့ရသေးတယ်။ ကျွန်တော် မနက်က အဲဒီလို သွားတာမို့လို့” ဟု ၎င်းက ပြောသည်။
သြဂုတ်လ ၁၁ ရက်နေ့ ယနေ့ နံနက်ပိုင်းက စတင်ပြီး ပဲခူးတိုင်း၊ ကျောက်တွင်းကုန်းလမ်းဆုံ၊ မဂ္ဂတစ်လမ်း၊ ရွှေသာလျောင်း လမ်းမကြီးနှင့် ကျောက်ကြီးစု ရပ်ကွက်များတွင် မြစ်ရေများ ဝင်ရောက်ကာ ရေကြီးမှုများ ဖြစ်ပေါ်နေကြောင်း ကျောက်ကြီးစုရပ်ကွက်နေသူတစ်ဦးကလည်း ယခုလို ပြောသည်။
“ ကျောက်ကြီးစုမှာဆို ခြံစည်းရိုးရေမြှပ်သွားပြီ။ ဒီနေ့ထိ မကျသေးဘူး။ နှစ်ထပ်အိမ်တွေဆို အောက်ထပ်မြုပ်ပဲ။ ရေက တော်တော်တက်နေတာ” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ပဲခူးမြစ်ရေသည် ယနေ့ နံနက် ၆နာရီခွဲ တိုင်းတာချက်အရ စိုးရိမ်ရေအမှတ် ၈၈၀ စင်တီမီတာမှ ၉၆၆ စင်တီမီတာကျော်အထိ ၈၆ စင်တီမီတာ မြင့်တက်လာကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်ထားသည်။