By MPA CJ008
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် Chin Defence Force (Mindat) မှ ဦးစီးလုပ်ဆောင်ခဲ့သည့် “အားယူထပျံ၊ အောက်ချင်းအားမာန် သိန်း ၅၀၀၀ ကမ်ပိန်း”သည် ၁၃ ရက်ကြာလာသည်အထိ ၁၀ ရာခိုင်နှုန်းသာ ရရှိသေးသည်ဟု Campaing Organizer တစ်ဦးဖြစ်သည့် John Ki Ling ထံမှ သိရသည်။
အဆိုပါကမ်ပိန်းကို မေလ ၁၉ ရက်မှ ဇွန်လ ၁၉ ရက်နေ့အထိ ရက်သတ်မှတ်ထားသည်ဟု ဆိုသည်။
“အဓိက ရည်ရွယ်ချက် (၂) ခု ရှိပါတယ်။ (၁) လိုအပ်တဲ့ လက်နက်တပ်ဆင်မှုနဲ့ ခဲယမ်းစုဆောင်းရေးပေါ့လေ။ အဲဒါတွေ စိတ်ချရတဲ့ အနေအထားရလာပြီဆိုရင်တော့ ကျနော်တို့ စစ်ကြောင်းထိုးမယ်။ ကျနော်တို့ မြို့ကိုတစ်မြို့လုံး ပြန်မရသေးရင်တောင် ရသလောက် ပြန်ယူကြမယ်။ (၂ ) မွမ်းမံသင်တန်းတွေ ဆက်လုပ်ဖို့ရှိတယ်။ CDF/Mindat ဆိုတာ လိုအပ်ချက်အရ တူမီးထကိုင်ပြီး စစ်တိုက်ရာကနေ လက်နက်ကိုင်ဖြစ်လာတာဆိုတော့ Professional Armed group ဖြစ်လာအောင် လိုအပ်တဲ့ သင်တန်းတွေ ပေးနိုင်ဖို့ကို ရည်ရွယ်ကြတာပါ”ဟု John Ki Ling က MPA သို့ ပြောသည်။
မင်းတပ်မြို့သည် စစ်အုပ်ချုပ်ရေး အစောဆုံး ကြေညာခံထားရသည့် မြို့တစ်မြို့ဖြစ်ပြီး အင်တာနက်လိုင်း၊ ဖုန်းလိုင်း၊ ပို့ဆောင်ရေးလမ်းကြောင်းများပါ အကုန်ဖြတ်တောက်ခံထားရကာ CDM အင်အားလည်း ၉၉.၉၉ ရာခိုင်နှုန်းရှိသည့် မြို့ဖြစ်သည်ဟု သိရသည်။
“တမြို့နယ်လုံးမှာ ဘာစီးပွားရေးမှ လုပ်လို့မရဘူးဆိုတော့ ပြည်သူတွေမှာလည်း ဘာဝင်ငွေမှ မရှိတော့ဘူး။ ကျနော်တို့ CDF-Mindat အားပျော့သွားလို့ မင်းတပ်-မတူပီလမ်းကို စကစဘက်က ပြန်သိမ်းနိုင်ရင် ချင်းပြည်တောင်ပိုင်းတင်မကဘူး။ ဟားခါး ထန်တလန်အထိပါ စကစရဲ့ ထောက်ပို့လမ်းကြောင်းဟာ ပေါက်သွားလိမ့်မယ်။ အဲဒါကြောင့် ကျနော်တို့ CDF-Mindat ကို ဝိုင်းကူကြပါ။ ကျနော်တို့ဘက်ကလည်း တော်လှန်ရေးမအောင်မချင်း ဆက်ပြီး ကြိုးစားနေကြမှာပါ။ အခုကမ်ပိန်း အောင်မြင်အောင် ဝိုင်းကူကြပါလို့ ပြောချင်ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။
တော်လှန်ရေးကာလ ၂ နှစ်အတွင်း CDF (Mindat) အနေဖြင့် အဆိုပါကမ်ပိန်းသည် ပထမဆုံး fundraising campaign ဖြစ်သည်ဟု သိရသည်။
“fundraising ကနေ ရရှိတဲ့ ထောက်ပံ့ငွေနဲ့ စကစရဲ့ စခန်းတွေ၊ ဂိတ်တွေကို တိုက်ခိုက်ပြီး CDF-MINDAT ရဲ့ စိုးမိုးမှုနယ်မြေတွေ တိုးချဲ့ပြီး နောက်ဆုံး ချင်းပြည်တောင်ပိုင်းရဲ့ လုံးဝလွတ်မြောက်နယ်မြေ တစ်ခု အစပြုဖို့အထိ ရည်မှန်းပါတယ်”ဟု CDF (Mindat) တာဝန်ရှိသူတစ်ဦးကလည်း MPA သို့ ပြောသည်။
အဆိုပါ ”အားယူထပျံ၊ အောက်ချင်းအားမာန် သိန်း ၅၀၀၀ ကမ်ပိန်း”သည် CDF (Mindat)အတွက် အင်မတန်အားဖြစ်စေမည့် ကမ်ပိန်းဖြစ်ပြီး ရက်အားဖြင့်လည်း ၁၈ ရက်သာ ကျန်တော့သည့်အတွက် အလှူရှင်များအနေဖြင့် အားဖြည့်ကူညီပေးကြပါရန် Campaing Organizer များမှ တောင်းဆိုထားသည်။