By MPA CJ 012
မုန်တိုင်းကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် အမေရိကန်ဒေါ်လာ ၃၃၃ သန်းရရှိရေး ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာရုံးမှ မေလ ၂၃ ရက်နေ့က တောင်းဆိုထားသည်။
ယခု အကူအညီတောင်းခံထားသည့် အမေရိကန်ဒေါ်လာ ၃၃၃ သန်းသည် မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ခဲ့ရသည့် ဒေသများမှ ပြည်သူ ၁.၆ သန်းအတွက် ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့ တနင်္ဂနွေက တစ်နာရီလျှင် မိုင် ၁၂၀ နှုန်းဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တစ်ဝန်းလုံးသည် ၉၅ ရာခိုင်နှုန်းနှင့်အထက် ပျက်စီးခဲ့ကြောင်းသိရသည်။
“နိုင်ငံတကာအကူအညီတွေကတော့ ပေးနေတယ်တော့ ပြောပေမယ့် မြေပြင်မှာက အခုထိမရောက်သေးဘူး။ ဒါကလည်း အဆင့်ဆင့်သွားရတာတွေကြောင့် ဖြစ်မှာပေါ့နော်။ စစ်တွေမြို့ပေါ်ကတော့ နည်းနည်းရောက်တယ်ထင်တယ်။ ကျန်တဲ့နေရာတွေတော့ မရောက်ကြသေးဘူး။ ပရဟိတအဖွဲ့တွေကပဲ ကူညီနေကြသေးတာပဲ ရှိတယ်”ဟု မြောက်ဦးမြို့နယ်ရှိပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မုန်းတိုင်းသင့်ပြည်သူများကို ကူညီထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် စစ်ကောင်စီနှင့်ဆွေးနွေးခဲ့ပြီးနောက် လက်ရှိတွင် ရခိုင်ပြည်အတွင်း စားနပ်ရိက္ခာနှင့် လူမှုကယ်ဆယ်ရေးအကူအညီများ စတင်နေပြီဖြစ်ကြောင်းလည်း UNOCHA က ထုတ်ပြန်ထားသည်။
လက်ရှိချိန်တွင် ရခိုင်ပြည်နယ်မှ မုန်တိုင်းဒဏ်သင့်ပြည်သူများမှာ စားနပ်ရိက္ခာ၊ အမိုးအကာ၊ သောက်သုံးရေ၊ ဆေးဝါး စသည့် အရေးပေါ်အကူအညီများလိုအပ်နေပြီး ပြန်လည်ထူထောင်ရေးအတွက်လည်း အခက်အခဲများစွာရှိနေကြသည်။
“ပရဟိတအဖွဲ့တွေရဲ့ ကူညီမှုက ရေရှည်တော့ မလုံလောက်နိုင်ပါဘူး။ ပရဟိတအဖွဲ့တွေ မရောက်တဲ့နေရာ တော်တော်များများလည်း ရှိနေသေးတယ်။ ခန့်မှန်းပြောရမယ်ဆိုရင်တော့ ၂၀ ရာခိုင်နှုန်းလောက်ပဲ အကူအညီတွေ ရကြသေးတယ်။ ဒါတောင် အဲ့ဒီ ၂၀ ရာခိုင်နှုန်းလုံးက သူတို့ လိုအပ်တဲ့ အရာမှန်သမျှကို ရတာမဟုတ်သေးပါဘူး။ သောက်ရေ၊ ဆေးဝါးနဲ့စားနပ်ရိက္ခာတွေလောက်ပဲရတာပေါ့”ဟု မြောက်ဦးလူငယ်အသင်းမှ ကိုခိုင်မင်းသျှင်က MPA သို့ ပြောသည်။
လက်ရှိချိန်တွင် မုန်တိုင်းဒဏ်သင့်သည့် ရခိုင်ပြည်နယ်မှ ပြည်သူများသည် အဓိကလိုအပ်လျက်ရှိသည့် အမိုးအကာများအား မရသေးကြောင်းလည်း သိရသည်။
မုန်တိုင်းဒဏ်သင့် ပြည်သူများကို အဓိက ကူညီထောက်ပံ့ပေးနေသည့် နိုင်ငံတကာအဖွဲ့များ၊ လူမှုကူညီရေးအဖွဲ့များမှာ စစ်ကောင်စီ၏ ကန့်သတ်ချက်များကြောင့် အချိန်နှင့်တပြေးညီသွားလာခွင့်မရကြ၍ ကြန့်ကြာမှုများ ရှိနေသည်။
UNOCHA အနေဖြင့်လည်း တောင်းခံထားသည့် ရန်ပုံငွေ ၃၃၃ သန်းရရှိပါက မုန်တိုင်းဒဏ်သင့်သည့် ဒေသများသို့ ချက်ချင်းဆိုသလို ထောက်ပံ့နိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မရှိမဖြစ်လိုအပ်သော ထောက်ပံ့မှုများအား သယ်ယူပို့ဆောင်ရေးကို လွယ်ကူစေရန်အတွက် ညှိနှိုင်းမှုများ ဆောင်ရွက်နေကြောင်း သိရသည်။
ရခိုင်ပြည်တွင် ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် လေဘေး၊ ရေဘေးသင့်ပြည်သူ ၁၁၅၆,၇၉၆ ဦးရှိပြီး ပျက်စီးဆုံးရှံးမှု တန်ဖိုးမှာ ငွေကျပ်သိန်း ၄၆,၉၈၆ ထိရှိကြောင်း စစ်ကောင်စီမှ ထုတ်ပြန်ထားသည်။