ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ခရိုင်တပ်ရင်း၃၅၀၂၊ အထူးစစ်ကြောင်းတပ်ခွဲ၊ တပ်ခွဲ ၄ တွင် ရဲဘော်စုတ်ဖွားဦးစီး၍ PDF ဆေးခန်းဖွင့်လှစ်နိုင်ခဲ့သည်ဟု စုံစမ်းသိရှိရသည်။
အဆိုပါဆေးခန်းကို စစ်ဘေးရှောင်များ၊ ကျေးရွာနေပြည်သူများနှင့် တပ်ရင်းရဲဘော်များ၏ ကျန်းမာရေးအတွက်ရည်ရွယ်၍ ယခုလိုဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ဆေးခန်းဖွင့်ထားတာတော့ကြာပြီဗျ။ အရင်ကတော့ တိုင်လေးထောင်ပြီး ရွက်ဖျင်တဲသာသာလေးပေါ့။ အခုတော့ လာပြတဲ့သူတွေကလည်း များလာတယ်လေ။ ကလေး၊လူကြီးအစုံပါပဲ။ ဒါကြောင့်တဲလေးတော့ ရအောင်ထိုးမယ်ဆိုပြီး အခုလိုလုပ်ဖြစ်သွားတာပါ” ဟု ရဲဘော်စုတ်ဖွားက ပြောသည်။
၎င်းတို့အနေဖြင့် ယခုလိုဆေးခန်းဖွင့်ရခြင်းသည် ပြည်သူအပေါ်ပြန်၍ တတ်နိုင်သည့်ဘက်မှ ကူညီကုသိုလ်ယူနေခြင်းဖြစ်ပြီး ပြည်သူများအနေနှင့် ကျန်းမာရေးကိစ္စ တစ်စုံတစ်ရာရှိလာပါက လာရောက်ပြသနိုင်ကြောင်း သတင်းပေးထားသည်။
အဆိုပါဆေးခန်းသည် ဆေးဝါးလိုအပ်ချက်များရှိနေသေးသည့်အတွက် အလှူရှင်များအနေဖြင့် ဆေးဝါးလှူဒါန်းပေးပါရန်လည်း မေတ္တာရပ်ခံထားသည်။