ယခုနှစ်အတွင်း မြန်မာလူဦးရေ ၄သန်းခွဲအတွက် လူသားချင်းစာနာမှု အကူအညီပေးရန် ပြင်ဆင်နေကြောင်း UNOCHA Myanmar က ယနေ့ ထုတ်ပြန် လိုက်သည်။
မြန်မာနိုင်ငံ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေး စီမံချက် ထွက်ရှိပြီဖြစ်ပြီး အကူအညီ အလိုအပ်ဆုံးသူများကို ထိရောက်သည့် လူမှုကယ်ဆယ်ရေး အကူအညီများ ပေးအပ်ရန် အမေရိကန်ဒေါ်လာ ၇၆၄သန်း လိုအပ်ကြောင်း UNOCHA Myanmar ကဆိုသည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံတွင်း လူသားချင်းအကူအညီပေးရေး အစီအစဉ်ကို ကြိုဆိုရမည် ဖြစ်သော်လည်း စစ်ကောင်စီ ခွင့်ပြုသည့်နေရာများတွင်သာ အကူအညီပေးနိုင်သဖြင့် ထိရောက်မှု မရှိကြောင်း ရန်ကုန်အခြေစိုက်နိုင်ငံရေးသုံးသပ်သူတစ်ဦးက ပြောသည်။
“အရင်တုန်းက ပေးခွင့်ရနေတဲ့ ရခိုင်ပြည်နယ်ထဲက ဒုက္ခသည်တွေကို အခု ယာယီအပစ်ရပ် ထားတာတောင် ကုလအဖွဲ့အစည်းတွေ သွားကူချင်တိုင်း ကူလို့မရဘူး။ စစ်တပ် ခွင့်ပြုသလောက်ပဲ သွားလို့ရတယ်။ စစ်ကိုင်းတို့ မကွေးတို့ဆိုရင် အနားတောင်ကပ်လို့မရဘူး”ဟု ၎င်းကပြောသည်။
စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် နေ့စဉ် စစ်တပ်က စစ်ကြောင်းထိုးပြီး ရွာများအား မီးရှို့ဖျက်ဆီးနေသဖြင့် အိုးအိမ်မဲ့ စစ်ရှောင်ပြည်သူများစွာ အတိဒုက္ခရောက်နေကြပြီး ၎င်းတို့အား လူသားချင်း စာနာမှု အကူအညီပေးရေးအပေါ် ကုလအဖွဲ့အစည်းများက နှုတ်အားဖြင့် စောင်မမှုပင်မရှိကြောင်း ၎င်း ကဆက်ပြောသည်။
“ကျွန်တော်တို့ဆီ စစ်ရှောင်တွေအတွက် ကုလသမဂ္ဂလည်း မလာဘူး။ ဘယ်နိုင်ငံတကာအဖွဲ့ကမှ လာလှူတယ်လို့ မကြားဖူးဘူး။ ပြည်သူချင်း မျှဝေ ထမ်းပိုးနေတာပဲ ရှိတယ်။ စခတွေက သူတို့ဒုက္ခ မရောက်ရောက်အောင် ပစ်ခတ်ပြီး ရွာတွေထဲ လုယက်မီးရှို့ထားတာကို ကုလသမဂ္ဂအဖွဲ့တွေ ဘယ်အကူအညီပေးခံမလဲ”ဟု ဒီပဲယင်းစစ်ရှောင်ကူညီနေသူတစ်ဦးကပြောသည်။
ကုလအဖွဲ့အစည်းများအနေနှင့် စစ်ဘေးသင့်ပြည်သူများအပေါ် စစ်ကောင်စီ လက်ခံမှ ပေးအပ်ရခြင်းမျိုး မဟုတ်ဘဲ တခြားသော နည်းလမ်းများဖြင့် ထိရောက်စွာ အကူအညီပေးရန် စဉ်းစားသင့်ပြီဟု နိုင်ငံရေးသုံးသပ်သူက ဆိုသည်။