ရန်ကုန်မြို့၊ဆိပ်ကမ်းသာလမ်းအနီးကုန်သည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ်ကို သေနတ်အတုပြကာ ဓါးပြတိုက်သည့် ဂျာနယ်ပို့ဆောင်သူအား ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း သိရသည်။
ယနေ့နံနက် ၁၁နာရီ ၅၅မိနစ်ခန့်က ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ဆိပ်ကမ်းသာလမ်းအနီး ကုန်သည်လမ်းမပေါ် ရှိ ကမ္ဘောဇဘဏ်ကို ဓားပြတိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိပ်ကမ်းသာလမ်း(အောက်ဘလောက်)နေသူတစ်ဦးက ပြောသည်။
“ ဒီနေ့ နေ့လည် ၁၂နာရီလောက်က အောက်ဘလောက်ကနေထွက်ပြေးလာတာကို ဝိုင်းဖမ်းတာ။ဝိုင်းဖမ်းတဲ့သူက အယောက် ၂၀လောက်ရှိတယ်။ဖမ်းမိတဲ့အချိန် ပိုက်ဆံ သိန်းတစ်ရာကျော်လောက်နဲ့ ပြန်တွေ့တယ်။သိန်းတစ်ရာကိုးဆယ်လို့ကြားတယ်။အဲ့နားမှာ လျှပ်စစ်ရုံးက စစ်တပ်ဂိတ်လည်းရှိတယ်” ဟု၎င်းကပြောသည်။
ဓားပြတိုက်သူသည် သတင်းစာနှင့်ဂျာနယ်ပို့ဆောင်သည့် လုပ်ငန်းလုပ်ကိုင်နေသည့် အမျိုးသားတစ်ဦးဖြစ်ကာ ကျောက်တံတားမြို့မရဲစခန်းကစစ်ဆေးလျက်ရှိကြောင်း သိရသည်။
“ သူက သေနတ်အတုပြပြီး ဓားမြှောင်နဲ့ ဝန်ထမ်းတွေကို ခြောက်တာပေါ့။ပြီးတော့ ကောင်တာပေါ်က ပိုက်ဆံထုပ်ကို ယူပြီးထွက်ပြေးတာ။အဲ့အချိန် ဘဏ်ထဲကလူတွေအော်တော့ ဘဏ်အနီးအနားကလူတွေကလိုက်ဖမ်းကြတာ။ဆိပ်ကမ်းသာလမ်းထဲမှာ မိတယ်။အခု ရဲစခန်းကိုရောက်နေပါပြီ” ဟု သတင်းရင်းမြစ်တစ်ဦးကပြောသည်။
ဘဏ်ဓားပြတိုက်သည့် အမျိုးသားအား ကျောက်တံတားမြို့မရဲစခန်းတွင် ဖမ်းဆီးထိန်သိမ်းထားကာ ကနဦးစစ်ချက်များရယူ နေကြောင်း MPAက စုံစမ်းသိရသည်။