စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်၊ကြောင်ပန်းတောရွာမှာ မီးရှို့နေသည့် စစ်ကောင်စီတပ်ကို DRPA က အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။
ဇန်နဝါရီ ၉ ရက်နေ့u ရေဦး-ဒီပဲယင်းအစပ် ကြောင်ပန်းတောရွာမှာ မီးရှို့နေသည့် အင်အား ၁၃၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်သားများကို ၄၀ မမ နှင့်လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျည် ၂ လုံးမှာ စစ်ကောင်စီတပ်သားများကြား တိုက်ရိုက်ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်သားများလဲကျ ခဲ့သည်ဟုအာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်( Anti-Dictatorship Revolution People’s Army -DRPA ) ကဆိုသည်။
“ဖြစ်တာက နေ့လည် ၁၁ လောက်ကစစ်သားတွေရွာကိုဝင်တာ။၃ နာရီလောက်မှာပဲ ရွာမှာ နာမည်ထွက်နေတဲ့ အိမ်တွေကို မီးစရှို့တယ်။ညနေ ၆ နာရီမှာ အဲ့ရွာက မီးရှို့နေတဲ့ စစ်သားတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ဝင်ပစ်တယ်။သူတို့ကလည်း ပြန်ပစ်တယ်။ဒီကောင်တွေ ဆက်မရှို့တော့ဘူး ၊ရွာတောင်ဘက်ကို ပြေးပြီး ဘုန်းကြီးကျောင်းမှာ ညအိပ်တပ်စွဲပြီး မနက်ကျပြန်ဆုတ်သွားတယ်။သူတို့ဘက်က အကျအဆုံးရှိတယ်။လဲကျသွားတွေကို မြင်လိုက်ရတယ်”ဟု DRPA တာဝန်ခံရဲဘော်လင်းနွေ ကပြောသည်။
ကြောင်ပန်းတောရွာ၌ စစ်တပ်က အလိုရှိနေသည့် CDMများ၊၅၀၅(က) တပ်ခံထားရသူများ၏ နေအိမ်များကို စတင်မီးရှို့ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မီးရှို့နေသည့် စစ်ကောင်စီတပ်သားများသည် ရုတ်တရက်ဝင်ရောက်တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ကျဆုံးမှုများရှိပြီး ဇန်နဝါရီ ၁၀ ရက်နေ့နံနက်ပိုင်းတွင် ဒီပဲယင်းမြို့ဘက်သို့ ဦးတည်ကာ ပြန်လည်ထွက်ခွာသွားသည်ဟု ဆိုသည်။
ဇန်နဝါရီ ၆ ရက်နေ့ကလည်း ဒီပဲယင်းမြို့အနောက်ဘက်ရှိ စိန်ပန်းပင်ဂိတ်ကင်းစခန်းကို DRPA က တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သေးသည်။