လှိုင်မြို့နယ်၊ အုတ်ကျင်း-ဘူတာရုံလမ်းတွင် ရေခဲစက်အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် ဆေးရုံတက်ရောက်နေရသူအချို့ ဆေးရုံမှပြန်ဆင်းလာပြီဖြစ်ကြောင်း သိရသည်။
“ ဒီနေ့ မနက် ၉နာရီလောက်ကနဲ့ ၁၁နာရီလောက်က ရပ်ကွက်ထဲက လူနာတွေဆေးရုံပြန်ဆင်းလာကြတယ်။ဟိုမှာ အဝတ်အစားတွေလဲပြီး အောက်စီဂျင်ပေးတာမျိုးရှိတယ်။အသက်ကြီးသူတွေဆို ရင်ဘတ်အောင့်ရင် ဓာတ်မှန်ရိုက်ရတယ်ပြောတယ်” ဟုအုတ်ကျင်း၊ မဟာမြိုင်လမ်းနေ ပြည်သူတစ်ဦးကပြောသည်။
ယင်းဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ရန်ကုန်ဆေးရုံကြီး၊အင်းစိန်ဆေးရုံနှင့် မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ပေးရသည့်လူနာ ၂၉ဦးရှိကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ပြောဆိုခဲ့သော်လည်း မြေပြင်တွင်ဆေးရုံတက်ရောက်ကုသရသူအယောက် ၄၀ထက်မနည်းရှိကြောင်း အခင်းဖြစ်ပွားရာနေရာအနီးသို့ သွားရောက်ကြည့်ရှုသူတစ်ဦးကပြောသည်။
“ မနေ့က မိသားစုလိုက်ဆေးရုံတင်ရတဲ့မိသားစုတွေရှိတယ်။အသက်၆၅နှစ်အရွယ်နဲ့ ၁၀နှစ်အရွယ်ကလေးတွေပါပါတယ်။ထူးခြားတဲ့ဖြစ်စဉ်ဆိုလို့ KGတန်းတက်နေတဲ့ ကလေးတစ်ဦးပျောက်သွားတယ်။လိုင်းပေါ်ကို ပရဟိတသမားတစ်ဦးတင်ပေးမှ သူ့အဖေကလာခေါ်သွားတယ်။ကလေးက ရှောင်တိမ်းရင်း မျက်လုံးစပ်လို့ပွတ်နေကြရာက လူစုကွဲသွားတာပေါ့” ဟု ၎င်းကပြောသည်.
လှိုင်မြို့နယ်၊အမှတ် (၁၃)ရပ်ကွက် အုတ်ကျင်း-ဘူတာရုံလမ်းတွင် အမိုးနယားဓာတ်ငွေ့ ယိုစိမ့်မှုဖြစ်စဉ်ကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ဇန်နဝါရီလ ၁၂ရက် ည ၁၁နာရီခန့်က အပြီးသတ်ရှင်းလင်းနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသော်လည်း ည ၁၂နာရီအထိ အမိုးနီးယားဓာတ်ငွေ့အနံ့များရနေကြောင်း ဒေသခံများကပြောသည်။
အထက်ပါ ရတနာစု ကုမ္ပဏီပိုင် ရေခဲစက်အတွင်း အမိုးနီးယားဂတ်စ်အိုးပေါက်ကွဲမှုသည် မည်သည့်အချိန်ကဖြစ်ပွားခဲ့ကြောင်းကို ဒေသခံများအနေဖြင့် တိကျသေချာစွာမသိရှိသော်လည်း ယမန်နေ့ည ၈နာရီ ၁၅မိနစ်ဝန်းကျင်မှစတင်ကာ သတိထားမိကြကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။