စစ်ကောင်စီတပ်သည် ဂီလာနတပ်သာဖြစ်ကြောင်း ညီနောင်သုံးဖွဲ့က သက်သေပြခဲ့ပြီးဖြစ် သော် လည်း စိတ်မှတ်မရှိသေးသည့် နေပြည်တော်စစ်ဗိုလ်ချုပ်တို့မှာ ရှမ်းမြောက်ဒေသတွင် မကျေပွဲနွှဲရန် စစ်ပြင် နေပြီဖြစ် သည်။
တရုတ်၏ ကယ်တင်မှုကြောင့် ညီနောင်သုံးဖွဲ့ သိမ်းပိုက်ခြင်းမခံခဲ့ရသော လားရှိုးမြို့တွင် ယခုအခါ စစ် သားအင်အား ၅၀၀၀ ခန့်စုစည်းထားကာ ကိုးကန့်ဘက်သို့ ထိုးစစ်ဆင်ရန် စစ်ကောင်စီ ပြင်ဆင်နေကြောင်း သ တင်းအချို့က ဖော်ပြသည်။
ထို့အပြင် လားရှိုးသို့ ဒရုန်းအစင်း၄၀၀ ပို့ထားကာ ရုရှားဒရုန်းကျွမ်းကျင်သူနှင့် လေ့ကျင့်မှုပြုလုပ်နေ ကြောင်း သတင်းများအရ ၁၀၂၇စစ်ဆင်ရေးတုန်းက စစ်တပ် အထိနာခဲ့သော ဒရုန်းကို တန်ပြန်သုံးကာ ယခု အခေါက် ရှမ်းမြောက်တိုက်ပွဲများတွင် အားဖြည့်တိုက်ရန် ရည်မှန်းထားပုံရသည်။
စစ်ကောင်စီတပ်က မိုးကုတ်နှင့်မိုးမိတ်ရှိ တအောင်းတပ်မတော်TNLAတပ်ရှိရာသို့ လက်နက်ကြီးဖြင့် ပစ်သည်။ဇွန်ကိုးရက်တွင် မိုးမိတ်TNLA တပ်စခန်းသို့ စစ်တပ်က ပေါင်၅၀၀ဗုံးကြဲချခဲ့ရာ TNLAရဲဘော်သုံးဦး ဒဏ် ရာရခဲ့သည်။
ဇွန်၁၂ရက်တွင်လည်း သီပေါမြို့နယ်ထဲက သီပေါ-နမ္မတူလမ်းမကို စစ်တပ်က ကန့်လန့်ဖြတ် မြောင်း ဖောက်၊ကားနှင့်ဆိုင်ကယ် သွား၍မရအောင် ဖျက်ဆီးပစ်ပြန်သည်။ရည်ရွယ်ချက်က TNLA သိမ်းပိုက်ထား သည့် မြို့များဆီသို့ ကုန်စည်စီးဆင်းမှု ရပ်တန့်သွားစေရေး။
၂၀၂၄ခုနှစ်၊ဇန်နဝါရီ၁၁ရက်က တရုတ်၏ ဖိအားပေးမှုကြောင့် ဖြစ်ပေါ်လာသည့် ရှမ်းမြောက်ဒေသ အပစ် အခတ်ရပ်စဲရေး ဟိုင်ဂင်သဘောတူညီချက်ထဲ၌ ရှမ်းမြောက်ဒေသတွင်း ညီနောင်သုံးဖွဲ့ သိမ်းပိုက် ထားသည့် နေရာများကို စစ်တပ်က လေကြောင်းနှင့်လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်မှုမပြုလုပ်ရဟု ဆိုထား ခြင်းကြောင့် စစ်ကောင်စီက ဟိုင်ဂင်သဘောတူညီချက်အား မျက်နှာပြောင်တိုက် ချိုးဖောက်လိုက် ခြင်းပင် ဖြစ်သည်။
ထို့အပြင် ရှမ်းမြောက်ဒေသ စစ်ကောင်စီထိန်းချုပ်ထားသည့်မြို့များရှိ ခရိုင်ရုံးများမှ ဌာနဆိုင်ရာ ပစ္စည်းများကို သိမ်းဆည်းထားရန် ညွှန်ကြားချက် ရောက်ရှိလာခြင်း၊လားရှိုးမြို့ဝန်းကျင် TNLA တပ်များ နေရာယူထား ခြင်းနှင့် ဇွန်၁၃ရက်တွင် လားရှိုးမြို့အဝင် ကားလမ်းမသုံးခု၌ စစ်တပ်က ကန့်လန့်ဖြတ် မြောင်း ဖောက် ဖျက်ဆီးခဲ့ခြင်းက တစ်ကျော့ပြန် ရှမ်းမြောက်စစ်ပွဲ မကြာမီ လာမည် မျှော် ဆိုသည့် နိမိတ်ပုံများ ပင် ဖြစ်သည်။
၂၀၂၃ခုနှစ်၊အောက်တိုဘာ၂၇ရက်တွင် စတင်ခဲ့သော ရှမ်းမြောက်ဒေသ စစ်ဆင်ရေးမှာ ရာနှင့်ချီသော စစ်ကောင်စီတပ်စခန်းများနှင့် မြို့၁၆မြို့ကို ညီနောင်သုံးဖွဲ့က သိမ်းပိုက်နိုင်ခဲ့သည်။ညီနောင်သုံးဖွဲ့၏ ထိုးစစ် သည် လားရှိုးနားအထိ ရောက်ရှိလာပြီးမှ တရုတ်၏ ဖိအားအပေါ် မလွန်ဆန်နိုင်ခြင်းကြောင့် အပစ်ရပ်ခဲ့ရခြင်း ဖြစ်သည်။အကယ်၍ ဟိုင်ဂင်သဘောတူညီချက်သာ မထွက်ပေါ်လာခဲ့လျှင် လားရှိုးမြို့တင်မက ပြင်ဦးလွင်မြို့ ပါ ညီနောင်သုံးဖွဲ့လက် ထိုးအပ်ရဖွယ်ရှိသည်။
ဟိုင်ဂင်သဘောတူညီချက်ကြောင့် TNLAနှင့် MNDAA တို့အနေနှင့် ရှမ်းမြောက်ဒေသ သိမ်းပိုက်ထား သောမြို့များကို လက်နက်ကြီးနှင့် လေကြောင်းရန်ကင်းကင်းဖြင့် အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ပြီး အရှက်တကွဲဖြင့် ဟက်တက်ကွဲခဲ့သော စစ်ကောင်စီတပ်သည်လည်း အားပြန်မွေးခွင့်ရခဲ့သည်။
ယခုတော့ စစ်ကောင်စီတပ်သည် အနာဂတ်မရှိသော ဟိုင်ဂင်သဘောတူညီချက်ကို ဆွဲဆုတ်ကာ စစ် ပွဲဆင်ရန် ခတ်ကွင်းပြင်လေပြီဖြစ်သည်။ မကြာမီ လာဖွယ်ရှိသည့် စစ်တွင် ယခင်နှင့်ပြောင်းပြန် စစ်ကောင်စီ တပ်က စ တိုက်မည်ဟုထင်ရသည်။ စစ်တပ်က ကြိုတင်ပြင်ဆင်မှုရှိစွာဖြင့် စတင်မည်ဖြစ်၍ တစ်ကျော့ပြန် နိဒါန်းတွင် ယခင်လို ဖရိုဖရဲဖြစ်နိုင်ခြေနည်းပေမည်။
ထို့အပြင် မနိုင်လျှင် တရုတ်ကယ်ပါဟု ဒုတိယမ္မိ တောင်းပန်ကာ စစ်ပွဲရပ်ခိုင်းရန် မဖြစ်နိုင်သလို ရှမ်းမြောက်တွင် မျက်နှာချင်းဆိုင်ကျည်စပေါက်ပြီဆိုပါက မပြုတ်မချင်း စစ်ခင်းရမည့်ကိန်းနှင့် ထပ်ရှုံးပါက မန္တလေးအထိ ပါသွားနိုင်မှန်း စစ်ကောင်စီ ကြိုတင်တွက်ဆထားမည်ဖြစ်၍ နိုင်ကိုနိုင် ရမည်ဟုလည်း စစ်ဗိုလ် ချုပ်တို့ အားခဲထားမှာ သေချာသည်။
သို့သော်၊ အမှန်တကယ်တိုက်ရသည့် စစ်သားများမှာမူ အညွန့်ကျိုးပြီးသား အောင်စိတ်ကင်းမဲ့နေသူ များဖြစ်သည်။ထို့ကြောင့် တစ်ကျော့ပြန်နိဒါန်းအစတွင် အရှိန်အဟုန်ပြင်းစွာ ထိုးစစ်ဆင်မည့် စစ်တပ်ကို တောင့်ခံထားလိုက်နိုင်လျှင် မင်းအောင်လှိုင်တပ်သားများမှာ အစဉ်အလာမပျက် အထိနာသည်နှင့် အပြေးသန် ကြဦးမည်က သေချာသည်။
မင်းအောင်လှိုင် စစ်မတိုက်တတ်ဘဲ ကာချုပ်လုပ်နေမှန်း နိုင်ငံတစ်ဝန်းရှိ အရှုံးကြီး၊အရှုံးငယ်များက သက်သေပြလျက်ရှိသည်။ဂီလာနတပ်သည် တိုက်ပွဲခေါ်သံကို ကြားသည်နှင့် ပြေးပေါက်သာ ချောင်းနေကြ ကြောင်းလည်း ထပ်ခါတလဲလဲ မြင်နေရမြဲဖြစ်သည်။
၁၀၂၇စစ်ဆင်ရေးသည် နွေဦးတော်လှန်ရေးအတွက် အားပြင်းလှသော အရှိန်အဟုန် ဖြစ်ခဲ့သလို မ ကြာမီ လာဖွယ်ရှိသည့် ရှမ်းမြောက်တိုက်ပွဲကို တော်လှန်ရေးအင်အားစုတို့ အနိုင်တိုက်နိုင်ခဲ့လျှင် ပိုမိုအရှိန်ပြင်း သည့် ရှေ့တိုးလှိုင်းတစ်ရပ် ဖြစ်လာမည်မှာ ဧကန်ဖြစ်သည်။