မင်းအောင်လှိုင်တပ်ကို မျက်ဖြူလန်စေသည်အထိ နွေဦးတော်လှန်ရေး အရှိန်မြင့်လာသောအ ခါ နိုင်ငံတကာအသိုင်းအဝိုင်း၏ လက်ခုပ်သံများသည်လည်း လျော့ပါးလာကြောင်း အံ့အားသင့်ဖွယ် တွေ့ရှိရ သည်။
နိုင်ငံတကာအသိုင်းအဝိုင်းသည် နွေဦးတော်လှန်ရေး၏ အရေးပါသော မိတ်ဘက်များအဖြစ် စစ် ကောင်စီကို အရာမသွင်းပစ်ပယ်ကာ သံတမန်ရေးထိုးနှက်ခြင်း၊စစ်ကောင်စီတပ်က ပြည်သူကိုပစ်မှတ်ထား ကာ အစုလိုက်အပြုံလိုက်အကြမ်းဖက်သတ်ဖြတ်ခြင်းများအား ကြေညာချက်များစွာ ထုတ်ပြန်ကာ ကန့်ကွက် ရှုတ်ချခြင်းနှင့် ဖြည်းဖြည်းဆေးဆေး စီးပွားရေးပိတ်ဆို့အရေးယူခြင်းများဖြင့် လက်သီးလက်မောင်းတန်းခဲ့ကြ သည်။ ၁၀၂၇စစ်ဆင်ရေးစတင်သည့်အချိန်တွင်မူ စစ်ကောင်စီ ပြိုလဲသွားမည်ကို စိုးရိမ်နေသလားဟု မေးခွန်း ထုတ်ရလောက်အောင်ပင် နိုင်ငံတကာက မသိချင်ယောင်ဆောင်ခဲ့သည်။
နွေဦးတော်လှန်ရေး ကနဦးအချိန်တွင် မြန်မာပြည်သူတို့သည် နိုင်ငံတကာအသိုင်းအဝိုင်းထံမှ အရေး ပါသောအထောက်အပံ့ကောင်းများ ရရှိလိမ့်မည်ဟု မျှော်လင့်ချက်ကြီးခဲ့ကြသော်လည်း လက်တွေ့တွင်မူ စိတ် ဓာတ်ပိုင်းဆိုင်ရာထောက်ခံအားပေးမှုနဲ့ စစ်ကောင်စီကို ကြေညာချက်ထုတ် ရှုတ်ချခြင်းတို့သာ ရရှိခဲ့သည်။ထို့ ကြောင့်ပင် မြန်မာပြည်သူတို့က စိတ်ကူးယဉ်မျှော်လင့်ခဲ့သမျှကို ခေါက်သိမ်းကာ ကိုယ့်ခွန်ကိုယ့်အား ကိုယ့် လက်ကိုယ့်ခြေဖြင့် ကိုယ့်ရွက်ကိုယ်လွှင့် မီးပင်လယ်ထဲ ဘဝပေါင်းများစွာ ချခင်း ဖြတ်သန်းခဲ့ကြသည်။
နွေဦးတော်လှန်ရေးအတွက် လက်တွေ့ကျသော အထောက်အပံ့များရရှိရေးကို မြန်မာပြည်သူတို့က နိုင်ငံတကာအသိုင်းအဝိုင်းထံမှ လုံးဝမမျှော်လင့်တော့သော်လည်း စစ်ဘေးသင့်ပြည်သူများအပေါ် လူသား ချင်းစာနာမှုအကူအညီ ပေးလာမည်လားဟု မရဲတရဲ ဆက်လက်မျှော်လင့်မိကြသည်။
စစ်ကောင်စီ၏ အကြမ်းဖက်ရက်စက်မှုများကို ထိရောက်စွာ ကိုင်တွယ်နိုင်စွမ်းမရှိသော နိုင်ငံတကာ အသိုင်းအဝိုင်း၏ ပျက်ကွက်မှုအရ ၁၀၂၇စစ်ဆင်ရေးနှင့် ဟန်ချက်ညီစစ်ဆင်ရေးတို့ ဖြစ်ထွန်းလာခဲ့ခြင်းဖြစ် သည်။
တော်လှန်ရေးအင်အားစုတို့၏ မြို့သိမ်းတိုက်ပွဲများကြောင့် ပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရ သည်မှာ မှန်သော်လည်း မြို့သိမ်းတိုက်ပွဲများအပြီး စစ်ကောင်စီက ပြည်သူများကို ပစ်မှတ်ထားကာ လက်နက် ကြီး၊လေကြောင်း တိုက်ခိုက်မှုများနှင့် ပြည်သူ့အိုးအိမ်များအား ပစ်မှတ်ထား ဖျက်ဆီးနေခြင်းများကြောင့် အ ရေးပေါ်စစ်ရှောင်တို့မှာ အမြဲတမ်းစစ်ရှောင်ဘဝဖြင့် ကိုယ့်ရပ်ကိုယ့်ရွာသို့ မပြန်နိုင်ဖြစ်ကြရသည်။
ကုလသမဂ္ဂ၏ နောက်ဆုံးထုတ်ပြန်ချက်က မြန်မာပြည်သူ ၂ဒဿမ၆ သန်းကျော် နေရပ်စွန့်ခွာ စစ် ဘေးသင့်နေကြောင်း ဖော်ပြသည်။၁၀၂၇စစ်ဆင်ရေးမှ စတင်ကာ ပြည်သူ ၆၂၈,၀၀၀ ခန့် ထွက်ပြေးတိမ်း ရှောင်ခဲ့ရကြောင်းလည်း ဆိုသည်။
UNOCHA Myanmar ၏ ဇန်နဝါရီ၁၂ရက် ထုတ်ပြန်ချက်ထဲတွင် “လူသားချင်းစာနာမှုဆိုင်ရာမိတ် ဘက်အဖွဲ့အစည်းများသည် ဝင်ရောက်ကူညီခွင့်ကန့်သတ်ချက်များနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာအ ဟန့်အ တားများကို ကြီးမားစွာ ရင်ဆိုင်နေရသည်”ဟု ဖော်ပြထားသည်။
ဆိုလိုသည်မှာ အကန့်အသတ်၊အဟန့်အတားများကြောင့် စစ်ဘေးသင့်ပြည်သူကူညီရေးမှာ အခက်အ ခဲ များစွာနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။မည်သူတို့က စစ်ဘေးသင့်ကူညီရေးကို ကန့်သတ်ဟန့်တားထားသ နည်း။ UNOCHA Myanmar က စစ်ကောင်စီဟု တည့်တည့်မသုံးထားသော်လည်း စစ်ကောင်စီသာလျှင်ဖြစ် ကြောင်း အားလုံးသိရှိပြီးဖြစ်သည်။
သို့သော်၊စစ်ဘေးသင့်ကူညီရေးကို စစ်ကောင်စီက ဟန့်တားထားသည်မှာ ယခုမှမဟုတ်ပေ။မအောင် မြင်သောအာဏာသိမ်းပွဲ စတင်ချိန်မှစ၍ ယနေ့ထိတိုင် စစ်ဘေးသင့်ကူညီရေးကို ကြီးမားစွာအဟန့်အတားပြု နေခြင်းဖြစ်ပြီးစစ်ကောင်စီခွင့်ပြုသလောက်သာ စစ်ဘေးသင့်များအား ကူညီနေမည်ဆိုပါက မည်သို့မျှ ထိရောက်မည်မဟုတ်ကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းက အခိုင်အမာသိရှိပြီးဖြစ်သည်။
စစ်ဘေးသင့် ပြည်သူများထံသို့ လူသားချင်းစာနာမှု အကူအညီ အလျင်အမြန် ပံ့ပိုးပေးနိုင်ရေးအတွက် NUGအစိုးရနှင့် တော်လှန်ရေးအင်အားစုများကို ညှိနှိုင်းချိတ်ဆက် ထောက်ပံ့ခြင်း၊ ဒေသတွင်း အရပ်ဘက်အ ဖွဲ့များ လုပ်ဆောင်နိုင်စွမ်းရှိစေရန် အရင်းအမြစ်များပံ့ပိုးပေးခြင်း၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပေးနိုင်ရေး ဆောင်ရွက်ခြင်း၊ အိမ်နီးချင်းနိုင်ငံများက လူသားချင်းစာနာမှု အကူအညီများ နယ်မြေဖြတ်သန်း ထောက်ပံ့ခွင့် ပြု ရန် တိုက်တွန်းနှိုးဆော်ခြင်းနှင့် အလှူရှင်နိုင်ငံများနှင့် အဖွဲ့အစည်းများ၏ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းများ ကို ဖြေလျှော့ခြင်းဖြင့် မြန်မာအပေါ် နိုင်ငံတကာလူသားချင်း စာနာထောက်ပံ့မှုများကို တိုးမြှင့်ပေးရန် NUG အစိုးရက ဇန်နဝါရီ၁၂ရက်တွင် ထုတ်ပြန်တောင်းဆိုခဲ့သော်လည်း ယခုထိတိုင် စာမလာ သတင်း မကြား တုတ် တုတ်မျှ မလှုပ်မြဲ ဖြစ်သည်။
စစ်ကောင်စီလမ်းကြောင်းမှတစ်ဆင့်သာ စစ်ဘေးသင့်ပြည်သူများကို ကူညီလိုခြင်းနှင့် စစ်ကောင်စီ ခွင့်ပြုသလောက်သာ အကူအညီပေးလိုခြင်းသည် စစ်ကောင်စီ၏ တရားမဲ့အာဏာသိမ်းမှုနှင့်အကြမ်းဖက်မှုများ ကို ထောက်ခံအားပေးသလိုဖြစ်နေပြီး စစ်ဘေးသင့်ပြည်သူများကို စစ် ကောင်စီအလိုကျ ငတ်မွတ်နေစေခြင်း လည်းဖြစ်နေကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းအနေနှင့် အလေးအ နက်ခံယူသင့်ပြီ ဖြစ်သည်။
နိုင်ငံတကာအသိုင်းအဝိုင်း၏ အမျှော်အမြင်ကြီးမှုသည် စစ်ကောင်စီ သတ်တိုင်းသေနေရသော မြန်မာ ပြည်သူတို့၏ အသက်ပေါင်းများစွာအပေါ် အတိုင်းအတာတစ်ခုအထိ ကယ်တင်နိုင်စွမ်းရှိသည်ကို သတိပြုရန် အရေးတကြီးလိုအပ်နေပြီဖြစ်ကြောင်းလည်း တိုက်တွန်းလိုက်ရပါသည်။