ဗလာဒီမီယာ ပူတင်၏ ဆိုဗီယက်အိပ်မက် ကျူးကျော်စစ်ကြောင့် နောက်တစ်လှမ်း ရောက်သွား သော မြန်မာ့နွေဦးတော်လှန်ရေးမှာ ယခု အစ္စရေး-ဟားမတ်စ် စစ်ကြောင့် နောက်ထပ်တစ်လှမ်း ဆုတ် လိုက်ရပြန်သော်လည်း ကျောက်သားရင်ပြင်ထက် အခြေအမြစ်ခိုင်မာစွာဖြင့် အညွန့်တလူလူတက်နေ သော ပြည်သူ့ကာကွယ်ရေးတပ်တို့မှာ ရှေ့သို့ချီလျက်ပင် ဖြစ်သည်။
ပြည်သူ့ကာကွယ်ရေးတပ်တို့မှာ နိုင်ငံတကာအကူအညီ အထောက်အပံ့ သုည။ပြည်သူထံ အလှူ ခံ ပြည်သူတပ်ဆင်ပေးသော တူမီးနှင့်လက်လုပ်သေနတ်မှသည် မောင်းပြန်သေနတ်ဆီ အတန်အသင့် အ ရောက်လှမ်းနိုင်ခဲ့ပြီဖြစ်သလို မိုင်းဆွဲခြင်းတင်မက ဝေဟင်ပျံဝဲ ဒရုန်းဖြင့် ဗုံးကြဲခြင်းအထိ ပေါက်ရောက်ခဲ့ ပြီလည်းဖြစ်သည်။
စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရန် ၂၄နာရီပြည့် သွေးခုန်နှုန်းမြန်နေသော နွေဦးတော် လှန်ရေးရဲဘော်တို့မှာ မုန်တိုင်းထန် မိုးသည်း ဝုန်းဒိုင်းကြဲနေသော မိုးရာသီတွင်လည်း နားမနေ။သိပ်မ ကြာသေးသော တစ်ချိန်က မိုးအေးအေးမှာ စောင်ခြုံကွေးကာ စာအုပ်လေးဖတ်လိုက်၊ဖုန်းလေးပွတ်လိုက် ဖြင့် ဇိမ်ခံနှပ်ခဲ့သောနေ့များကို မေ့ကာ စိမ့်နေအောင်အေးသည့် မိုးထဲလေထဲ ကျစ်ကျစ်ပါဆုပ်ထားသော သေနတ်ဖြင့် ဒီမိုကရေစီရင်ပြင်ဆီသို့ မျှော်မှန်းကာ တိုက်ပွဲဝင်ခဲ့ကြသည်။
ယခုဆို မိုးလေစဲစ။ယခုလကုန်တွင် မြန်မာတို့၏ သီတင်းကျွတ်ကာလ ပွင့်လင်းရာသီအစ။ ပွင့် လင်း ရာသီရောက်လျှင် စစ်ရေးအရှိန်မြှင့်မည်ဟု ဒေသစုံ ထောင့်စုံမှ တော်လှန်ရေးတပ်ဖွဲ့တို့ က အနာ ဂတ်ဆီသို့ ရဲရဲကြည့်ကာ ကြုံးဝါးနေကြပြီဖြစ်သည်။မွန်ပြည်နယ်၊ရေးမြို့နယ်အတွင်း အောင်လံတလူလူ လွှင့်နေပြီဖြစ်သော တော်လှန်ရေးအင်အားစုများက ပွင့်လင်းရာသီ၌ ရေးမြို့နယ်တောင်ပိုင်းနှင့် မြောက် ပိုင်း ကိုထိန်းချုပ်နိုင်ရန် စစ်ရေးအရှိန်မြှင့်မည်ဟု ဆိုကြသည်။လတ်တလောရေးမြို့နယ်အတွင်း စစ်အုပ် စုဝင်တို့၏ အခြေအနေမှာ ရေးမြို့ပေါ်၌ပင် PDF ကျည်ဆန်များကိုမေ့ကာ စိတ်အေးလက်အေးသွားလာ ၍မ ရတော့သည့်ဘဝ။တပ်ဝန်းပြင်ပခြေတစ်ဖက်လှမ်းလိုက်သည်နှင့် ရှေ့တန်းစစ်မြေပြင်။
သထုံခရိုင် PDFတပ်ဖွဲ့ကလည်း ပွင့်လင်းရာသီတွင် စစ်ရေးအရှိန်မြှင့်မည်ဖြစ်၍ ပြည်သူများ ကြို တင်ပြင်ဆင်ထားကြရန်၊ဗုံးခိုကျင်းများ တူးထားကြရန်နှင့် စစ်အုပ်စုဝင်များအနီး မသွားကြရန် ပြောကြား သည်။
ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူကလည်း မိုးကုန်လျှင် ဝင်လာလေ့ရှိသော ရိက္ခာပို့စစ်ကြောင်းကို ဖြတ်တောက်နိုင်ရေး မောင်းပြန်သေနတ်အင်အား မလုံလောက်သော်ငြား မိုင်း ဖောက်ခွဲအားကို အားပြုမြှင့်တင်မည်ဟုဆိုလိုက်သည်။
ခုခံစစ်မှသည် တိုက်စစ်အသွင်ပြောင်းနိုင်ရေး ထိစပ်နယ်မြေများမှ PDF တပ်ဖွဲ့များ၏ စုစည်း အင်အားဖြင့် ရှေ့သို့ချီရန် ပြင်ဆင်နေပြီဟု မြိုင်ပကဖ ကလည်း ဆိုသည်။
လက်ရှိတွင် ရင်ဆိုင်တိုက်ပွဲများ ခပ်စိပ်စိပ် ဆင်နွှဲနေမှုမှာ ကချင်၊ကရင်နှင့် ကရင်နီဒေသတို့၌ သာ မက ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မိုးကုတ်တို့တွင်ပါ တအောင်းတပ်မတော် – TNLA နှင့် လနှင့်ချီကြာ သေနတ်ချင်းတေ့ပစ်နေကြပြီဖြစ်သည်။ စစ်ကောင်စီတပ်အတွက် တောက်လောင်နေသောစစ်မီးလျှံမှာ မြန်မာအနှံ့ တင်မက မည်သည့်စစ်မီးလျှံကိုမျှ ငြှိမ်းသတ်နိုင်စွမ်းမရှိ။ကျွန်ုပ်တို့ ရင်ဆိုင်တိုက်နေရသော စစ်ကောင်စီတပ်မှာ လက်နက်အင်အား တောင့်တင်းပြည့်စုံသော်လည်း စိတ်ဓာတ်ခွန်အားချိနဲ့စွာဖြင့် အ သက်ပြင်းပြင်းရှူကာ သက်ပြင်းထူထူ ချနေရသော တပ်ဖြစ်သည်။
PDF တပ်ဖွဲ့များမှာ လက်နက်အင်အား မပြည့်စုံလှသော်လည်း သက်ဆိုင်ရာနယ်မြေအလိုက် PDFတပ်ဖွဲ့များစုစည်းကာ ခွန်အားတစ်ရပ်တည်ဆောက်နိုင်ကြရန်လိုသည်။မည်သည့်နိုင်ငံတကာအကူ အညီကိုမျှ အိပ်မက်မက်မနေဘဲ တော်လှန်ရေးအင်အားစုများရော ပြည်တွင်း၊ပြည်ပ မြန်မာပြည်သူများ အားလုံး ကိုယ့်ဒူးကိုယ်ချွန်စိတ်ဓာတ်ကိုသာ ဆက်လက်ချွန်မြကြရန် လိုပါသည်။
စစ်ရေးအရှိန်ကို စုစည်းမှုအင်အားနှင့်ကိုယ့်ဒူးကိုယ်ချွန်စိတ်ဓာတ်ဖြင့်သာ မြှင့်တင်ကြမည်ဆိုပါက စစ်အာဏာရှင်တို့၏သင်္ချိုင်းမှာ မဝေးတော့မှာ အသေအချာပင်ဖြစ်ပါကြောင်း ဟောကိန်းထုတ်လိုက်ချင် ပါသည်။