အာဏာဖြင့် သိုက်တူးခြင်းပညာရပ်ကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သည်ဟု အများ၏ သတ်မှတ် ခြင်းခံရသူ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကိုယ်ကျိုးရှာ စစ်ကောင်စီဝင်များအား ထိရောက် စွာ အရေးယူမည်ဟု အရှက်အကြောက်ကင်းစွာဖြင့် ပြောကြားလိုက်လေသည်။
ယုံကြည်၍ တာဝန်ပေးထားသော ရာထူးနှင့် လုပ်ပိုင်ခွင့်ကိုသုံးပြီး ကိုယ်ကျိုးစီးပွားပြုလုပ်ခြင်းကြောင့် အဖွဲ့ဝင်အချို့အား အနားပေးထားပြီး ထိရောက်သောအရေးယူမှုများ လုပ်သွားမည်ဟု မင်းအောင်လှိုင်က စက် တင်ဘာ၂၈ရက်နေ့ စစ်ကောင်စီအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
မင်းအောင်လှိုင်ခန့် ဒုတိယဗိုလ်ချုပ်ကြီး ဟုဆိုသူ မိုးမြင့်ထွန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီးဟုဆိုသူ စိုးထွဋ် တို့ကို အဂတိလိုက်စားမှုဖြင့် ဖယ်ရှားလိုက်ပြီးနောက် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။မိုးမြင့်ထွန်းနှင့်စိုးထွဋ် ၂ဦးစလုံးမှာ မင်းအောင်လှိုင်၏ အနီးကပ်လူယုံများဖြစ်ပြီး ၎င်းတို့အား ကြီးမားသော တာဝန်များပေးအပ်ထား သူမှာ မင်းအောင်လှိုင်ကိုယ်တိုင်ပင်ဖြစ်သည်။
မိုးမြင့်ထွန်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ကုန် သွယ်မှုနှင့်နိုင်ငံခြားသုံးငွေ ထိန်းချုပ်မှုတို့၏ ထိပ်ခေါင်။ စစ်ကောင်စီစီးပွားရေးတစ်ခုလုံး၏ ဗဟိုချက်ကို ချုပ်ကိုင်ထားနိုင်သောအာဏာအား မင်းအောင်လှိုင် ပုံအပ်ခဲ့ ခြင်းဖြစ်သည်။
မင်းအောင်လှိုင် ပုံအပ်ခဲ့သော မိုးမြင့်ထွန်းမှာ ၂နှစ်အတွင်း စီးပွားရေးသမားများထံမှ လာဘ်ငွေ အမေ ရိကန်ဒေါ်လာသန်းပေါင်းများစွာ ရယူခဲ့ကြောင်း မီဒီယာများက ဖော်ပြကြသည်။မိုးမြင့်ထွန်းနှင့် တွေ့ဆုံခွင့်ရရုံ သက်သက် အနည်းဆုံးအမေရိကန်ဒေါ်လာနှစ်သောင်း သို့မဟုတ် ယင်းနှင့်ညီမျှသော လက်ဆောင်ပေးရ ကြောင်းနှင့် အမေရိကန်ဒေါ်လာ ၄၀၀၀ တန် ကော့ညက်အရက်ကို အလွန်ကြိုက်ကြောင်း လည်း သိရသည်။ ထိုသို့ ဆူဇကာပုဏ္ဏား ဝင်စားနေသူပမာ အစားကျူးလှသော မိုးမြင့်ထွန်းမှာ ပို့ကုန်သွင်းကုန်လုပ်ငန်းများ ခွင့် ပြုရာတွင် အဂတိလိုက်စားသည်ဆိုသော စွပ်စွဲချက်ဖြင့် စစ်ဆေးမှုခံနေရပြီဖြစ်သည်။
နောက်တစ်ယောက် စိုးထွဋ် ဆိုသူကလည်း မင်းအောင်လှိုင်ခန့် ပြည်ထဲရေးဝန်ကြီး အာဏာရခဲ့စဉ်က မိသားစုစီးပွားရေးလုပ်ငန်းပြဿနာများကြောင့် တိုင်ကြားခံရခြင်းဟုဆိုသည်။အဖေက ဗိုလ်ချုပ်၊သားသမီးများ က ကုမ္ပဏီထောင်။ဗိုလ်ချုပ်အာဏာဖြင့် ရသမျှလုပ်ပိုင်ခွင့်များကို မောင်ပိုင်စီးကာ သားသမီးကုမ္ပဏီများသာ လုပ်ကိုင်ခွင့်ပြုခြင်းမှာ ဒုတိယအာဏာရှင်သန်းရွှေမှစ၍ ဗိုလ်ချုပ်ပေါင်းအလီလီ။ထိုသို့ အလီလီသောဗိုလ်ချုပ် များထဲတွင် မင်းအောင်လှိုင်နှင့်သားသမီးတို့၏ စီးပွားရေးလုပ်စားကွက်မှာ ထိပ်တန်းစာရင်းဝင် ယနေ့ထိတိုင် ကျော်ကြားလျက်ပင်ဖြစ်သည်။
မင်းအောင်လှိုင်မှာ အဂတိအရာတွင် ပါရဂူမြောက် ကျွမ်းကျင်သူတစ်ဦးဖြစ်ခြင်းကြောင့် ၎င်း ခန့်အပ် ထားသော ရာထူးနေရာအလိုက် မည်မျှ လာဘ်စားနိုင်မည်ကို တစ်နှင့်တစ်ပေါင်း နှစ် ပမာ အလွယ်တကူ တွက် ချက်နိုင်စွမ်းရှိပြီးဖြစ်သည်။
ထို့အပြင် စစ်ဗိုလ်ချုပ်တို့၏ အမူအကျင့်အတိုင်း အရေးပါ အရာရောက်သော အာဏာ၏ ဗဟိုချက် တွင် ထိုက်တန်သောပညာ ရှိခြင်း၊မရှိခြင်းကိုမကြည့်ဘဲ ယုံကြည်စိတ်ချရသော လူရင်းတပည့်ရင်းများသာ ခန့်အပ် ခြင်းမှာ မထူးဆန်းလှပေ။
ထို့ကြောင့်ပင် စစ်ကောင်စီ စီးပွားရေးအချက်အချာ နေရာအားလုံး၏အာဏာကို ရင်းချာလွန်းလှသော မိုးမြင့်ထွန်းထံ ထိုးအပ်ခဲ့ခြင်းဖြစ်သည်။မိုးမြင့်ထွန်းတာဝန်ယူရသည့်နေရာ မည်မျှ ငွေအဝင်ကြမ်းသလဲဆိုသည် ကို မင်းအောင်လှိုင် မသိမရှိ။ဆရာသမား ကျေးဇူးကြောင့် သန်းပေါင်များစွာသောဒေါ်လာပုံပေါ် ဖင် ခုထိုင်နိုင် သည့် မိုးမြင့်ထွန်းက မင်းအောင်လှိုင်အပေါ် ပြန်လည်မသိတတ်စရာ အကြောင်းမရှိ။ဆရာနှင့်တပည့်ကြား၊ စစ်ဗိုလ်ချုပ် အကြီး၊အငယ်ကြား လစဉ် ဆက်ကြေးပေး ကန်တော့ရ ခြင်းအလေ့မှာ ရှိပြီးသားမို့ မိုးမြင့်ထွန်းတို့ စားထားသမျှတွင် မင်းအောင်လှိုင် သည်လည်း မကင်းကြောင်း စစ်ဗိုလ်ချုပ်တိုင်းက သိပြီးဖြစ်သည်။
ထိုသို့သော မိုးမြင့်ထွန်းနှင့် ထိုသို့သော စိုးထွဋ်ကို လက်ညှိုးထိုးခြင်းမှာ မင်းအောင်လှိုင်ကို သွယ်ဝိုက် လက်ညှိုးထိုးခြင်းပင်ဖြစ်၍ သာမန်ဗိုလ်ချုပ်အဆင့်က စိတ်မကူးဝံ့။စစ်ကောင်စီတွင်း မင်းအောင်လှိုင် ဂိုဏ်းကို ပြိုင်ဆိုင်ရဲသူတစ် စုကသာ မင်းအောင်လှိုင်ခန့် အစားကျူးသူတို့အကြောင်း တိတိပပ မြေလှန်ပြ ခြင်း ကြောင့် ချောင်ပိတ်မိသွားကြခြင်းဖြစ်နိုင်သည်။
စစ်ဗိုလ်ချုပ်တို့ ထုံးစံအတိုင်း တပည့်များကို ချနင်းကာ မင်းအောင်လှိုင် ကိုယ်လွတ်ရုန်းတော့သည်။ တပည့်များ၏ မိုက်မဲမှုတွင် မိမိမပါကြောင်း သက်သေထူရန်အတွက် အဂတိအမှုကို ချေးထက်ပင်ရွံရှာသလို မင်းအောင်လှိုင် အသံကောင်းဟစ်ပြရသည်။
မိုးမြင့်ထွန်း၊စိုးထွဋ်နှင့်အပေါင်းအပါတစ်စုတို့ ချေမှုန်းခံရခြင်းမှာ နေပြည်တော်စစ်ဗိုလ်ချုပ်တို့ကြား တွင် အကျိုးစီးပွားတိုက်ပွဲ ပြင်းထန်နေကြောင်း ဖော်ပြချက်ဖြစ်သည်။မင်းအောင်လှိုင် သူတော်ကောင်းယောင် ဆောင်ပြနေသည်။မင်းအောင်လှိုင် အံတင်းတင်းကြိတ် ထားသည်။သူ၏ ပြိုင်ဘက်များကို ဖြိုခွင်းရန် မင်း အောင်လှိုင် ခြေတစ်လှမ်းဆုတ်ကာ အလစ်ချောင်းနေသည်မှာလည်း သေချာပါကြောင်း မောင်းခတ်လိုက်ရပါ သည်။