ရှေ့သို့ချီ တလူလူလွှင့်ခဲ့သော မြန်မာ့စီးပွားရေးမှာ မအောင်မြင်သောအာဏာသိမ်းပွဲ စတင်သည့် ၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီမှစတင်ကာ ထိခိုက်ရှနာ ဒဏ်ရာများဖြင့် စခန်းသွားနေရသည့်ကြား စစ်ဗိုလ်ချုပ်တို့ ၏ အမြော်အမြင်နည်း စီမံခန့်ခွဲမှုအလွဲများနှင့် အဂတိလိုက်စားခြင်းများကြောင့် ၂၀၂၃ခုနှစ်သို့ရောက်သောအခါ အရေးပေါ်ခန်းထဲ ပက်လက်မျောနေပြီဖြစ်သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများစွာလည်း လက်ပြ နှုတ်ဆက်၊ကြီးထွားလာသောအလုပ်လက်မဲ့၊ပို့ကုန်ဝင် ငွေ သိသိသာသာ လျော့ပါးလာခြင်းနှင့် ပြည်သူသတ်ရန် လက်နက်ချည်း ဝယ်နေရသဖြင့် နိုင်ငံခြားငွေ ချွတ်ခြုံ ကျနေသည့်ကြား ဇွန်လ၂၁ရက်တွင် အမေရိကန်ပြည်ထောင်စုက စစ်ကောင်စီ ထိန်းချုပ်ထားသည့် နိုင်ငံပိုင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်း ရောင်း၀ယ်ရေးဘဏ် (MICB) တို့အား ပိတ်ဆို့ အရေးယူလိုက်သောအခါ ဘာကိုမှ ဂရုမစိုက်ဘူးဆိုသည့် မင်းအောင်လှိုင် ထုတ်ဖော်ညီးညူရ တော့သည်။
ထိုသို့ပြာခါနေရသည့်ကြားထဲ ဆင်ဖြူလေး၏မွေးနေ့ဟုဆိုကာ အဆင်ခြင်မဲ့ နှစ်သောင်းတန်ငွေစက္ကူ ထုတ်ဝေမည်ဟု အဆင်းကို ဘီးတပ်ပေးလိုက်သည့် မင်းအောင်လှိုင်၏ဉာဏ်ရည်အရ ကျပ်ငွေတန်ဖိုး ဝုန်းဒိုင်း ကြဲ ကျဆင်းလာခဲ့ရာ စစ်ကောင်စီက ဒေါ်လာဝယ်ရောင်းသမား လူဖမ်းပွဲ ကျင်းပကာ ဈေးကွက်ကို ထိန်းချုပ် ရန် ကြိုးစားတော့သည်။
ကျပ်ငွေကို မည်သူမျှ မယုံကြည်တော့သဖြင့် တတ်နိုင်သူပြည်သူများစွာက မိမိတို့၏ပိုင်ဆိုင်မှုများ ငုတ်တုပ်ထိုင်နေရင်း လုံးပါးပါးမည့်အရေးမှ ကာကွယ်ရန် ဒေါ်လာနှင့်ရွှေ ဝယ်စုထားကြမှန်း စစ်ကာင်စီက သိသည်။ထို့ကြောင့် ဒေါ်လာသည် ပြည်သူနှင့်မဆိုင်ဟု အမိန့်ထုတ်ပြန်ကာ ပြည်သူ့ဒေါ်လာ ဓားပြတိုက်ရန် ကြိုးစားကြည့် ပြန်သည်။
စစ်ကောင်စီက နိုင်ငံခြားငွေဈေးကွက်ကို သေနတ်ထောက် ထိန်းချုပ်ရန် ကြိုးစားလာသည်။ တစ် ဖက်တွင်လည်း နိုင်ငံခြားငွေ အဖိတ်အယိုမရှိ စိစစ်သုံးစွဲရေးနှင့် ကုန်ဈေးနှုန်းကျဆင်းစေရေး။မင်းအောင်လှိုင် က သူ့လူယုံလူရင်း မိုးမြင့်ထွန်းကို တာဝန်ပေးလိုက်သည်။
တိုင်းပြည်စီးပွားရေးအတွက် တကယ့်ကို အရေးပါသောနေရာများချည်း။နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ကုန် သွယ်မှုနှင့်နိုင်ငံခြားသုံးငွေ ထိန်းချုပ်မှု။မင်းအောင်လှိုင်ခန့် ဒုဗိုလ်ချုပ်ကြီးဟုဆိုသူ မိုးမြင့်ထွန်း စေလိုရာစေ။ မင်းအောင်လှိုင်တပည့် ပီသလွန်းလှသော မိုးမြင့်ထွန်းမှာ ၂နှစ်တာအတွင်း စီးပွားရေးသမားများဆီမှ လာဘ်ငွေ ဒေါ်လာသန်းပေါင်းများစွာ သူ့အိတ်ကတ်ထဲ ထိန်းချုပ်လိုက်နိုင်ကြောင်း မီဒီယာများက ဖော်ပြကြသည်။
စက်သုံးဆီနှင့်စားအုန်းဆီ တင်သွင်းခွင့်ရ လုပ်ငန်းရှင်များကို စစ်ကောင်စီသတ်မှတ်နှုန်းထားဖြင့် ရောင်းချပေးသည့် အမေရိကန်ဒေါ်လာခွဲတမ်းပေးသော်လည်း ဆီနှစ်မျိုးစလုံး ဈေးကွက်ထဲခေါင်ခိုက်နေပုံ အဖြေရှာချင်ယောင်ဆောင်ကြရင်း စစ်ဗိုလ်ချုပ်တို့ကြား အကျိုးစီးပွားတိုက်ပွဲတွင် နေပြည်တော်လူဖမ်းပွဲ ကြီး ကျင်းပတော့သည်။များစွာသော စီးပွားရေးလုပ်ငန်းရှင်များ ဖမ်းဆီးစစ်ဆေးခံရ၊မိုးမြင့်ထွန်းနှင့်အပေါင်း အပါတစ်သိုက်သည်လည်း ဖြုတ်ထုတ်ရှင်းခံရ။သို့သော်၊အပေါ်လေမိနေသောစားအုန်းဆီ ပြင်ပဈေးနှုန်း မှာ မူ မှန်းသလောက် မကျ။မည်သို့ပင်ဆိုစေ။စစ်ကောင်စီကတော့ ၎င်းတို့အကျွမ်းကျင်ဆုံးဖြစ်သော သေနတ် ထောက် ဖမ်းဆီး ခြိမ်းခြောက်ခြင်းနည်းဖြင့်သာ ဈေးကွက်ကို သူတို့လိုသလို ပုံဖော်ရန် ကြိုးပမ်း လျက်ပင်ဖြစ် သည်။
လတ်တလောပူပူနွေးနွေး စက်တင်ဘာ၁၉ရက်နေ့မှာပင် ဗဟိုဘဏ်ထုတ်ပြန်ချက်များကို မလိုက်နာ ခြင်းကြောင့်ဟုဆိုကာ နိုင်ငံခြားငွေ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့်လိုင်စင်ရကုမ္ပဏီ (၁၂၃)ခု၏ Money Changer လိုင်စင်များ ရုပ်သိမ်းလိုက်ပြန်သည်။
ထိုသို့ ခြိမ်းခြောက် ဖမ်းဆီးအရေးယူကာ ဇွတ်အတင်း ငွေလဲနှုန်းကျဆင်းအောင် ဆောင်ရွက်နေ သ ဖြင့် တစ်ဒေါ်လာ ကျပ်၃၄၀၀သို့ ပြန်လည်ရောက်ရှိလာသော်လည်း တကယ့်မြေပြင်တွင် ၃၄၀၀ဖြင့် ဝယ်မရ။ ၃၆၀၀ အထိ တိုးပေးလည်းမရ။အသွင်ယူဖမ်းဆီးမှုများ ရှိနေသဖြင့် အရောင်းအဝယ်မရှိ ရပ်နေသည့်သဘော။ ပြောရလျှင် အရောင်းအဝယ်ရပ်နေခြင်းကြောင့်သာ ကျပ်၃၄၀၀ သို့ ကျလာသည်ဟုထင် ရ။နှစ်သောင်းတန်ငွေ စက္ကူထုတ်တော့မည်ဟု စတင်ကြေညာခဲ့သည့် ဇူလိုင်၂၄ရက်မတိုင်မီ ငွေ လဲနှုန်း တစ်ဒေါ်လာ ကျပ်၂၉၀၀ ပတ်လည်သို့ ပြန်ရောက်ရန်မှာ ဈေးကွက်ကို သတ်ပစ်လိုက်လျှင်ပင် မလွယ်လှ။
စစ်ကောင်စီက ဒေါ်လာကို ဘုရား တရှာ၊သေနတ်ထောက် ရှာနေသလို ဈေးကွက်ကို သေနတ် ထောက် အမိန့်ပေးနေသော်လည်း ကုန်ဈေးနှုန်းမကျ၊ကျပ်ငွေတန်ဖိုး တက်မလာ။အမေရိကန်ဒေါ်လာအ ခက်ကြောင့် သွေးပျက်နေရပြီဖြစ်သောစစ်ကောင်စီမှာ တစ်ချက်လွှတ် အမိန့်များစွာဖြင့် မြောနေသော လူနာအား အသက်ကယ်ဆေးထိုးကာ အသက်ဆက်ရန် ကြိုးစားလျက်ရှိရာ ဈေးကွက်စီးပွားရေးမှသည် သေနတ်ထောက်စီးပွားရေးဆီသို့ အပြောင်းအလဲမှသည် တိုင်းပြည်စီးပွား ဘုန်းဘုန်းလဲခြင်းဆီသို့ ချွန်းဖွင့် ချီ နေပြီဟု ဖွင့်ဆိုရတော့မည်ဖြစ်သည်။