နေပြည်တော် ကျည်လုံမှန်ခန်းထဲသို့ ကျည်ဖောက်မဝင်နိုင်သေးသော်လည်း နားနှင့်ဆတ်ဆတ်ကြား နေရသော တိုက်ပွဲခေါ်သံများကို မည်သို့မျှ ခါချ၍မရသည့်အဆုံး စစ်ဗိုလ်ချုပ်များက နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား အသုံးချကာ နိုင်ငံရေးဈေးကစားရန် ကြံဆလာရတော့သည်။
ထိုသို့ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချကာ နိုင်ငံတကာဖိအားများကို လျော့ပါးစေခြင်းမှာ ဒုတိယ အာဏာရှင်သန်းရွှေလက်ထက်ကတည်းကဖြစ်သည်။
သို့သော်၊ဒုတိယအာဏာရှင်က ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ် အကျယ်ချုပ်ထားရုံအဆင့်၊နိုင်ငံရေးအရ လုံးဝအပျောက်ရှင်းပစ်ရန် မရည်ရွယ်။လိုအပ်လာ လျှင် ဆက်ဆံရေးဝန်ကြီးကို ဒေါ်အောင်ဆန်းစုကြည်ထံ စေလွှတ်၊စစ်အစိုးရ ဝါဒဖြန့်သတင်းစာများ၏ အ တွင်း ပိုင်းစာမျက်နှာ မထင်မရှားနေရာ၌ ဓာတ်ပုံလေးတစ်ပုံဖြင့် သတင်းပါသည်ဆိုရုံမျှ ဖော်ပြကာ ဒေါ် အောင်ဆန်းစုကြည်နှင့် ဆွေးနွေးအဖြေရှာမှု တစ်ခုခု ပြုတော့မယောင်။
အာဏာပလ္လင်ပေါ် မရမက တွယ်တက်ရင်းထိပ်ပေါက်ခေါင်းကွဲဖြစ်နေရှာသော မင်းအောင်လှိုင်မှာမူ နိုင်ငံရေးအာဃာတကြီး မားစွာဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မမျိုးစုံတပ် ထောင်၃၃နှစ်ချ၊နေအိမ်အ ကျယ်ချုပ်အဖြစ်ကိုပင်ပယ် ဖျက်ကာ နေပြည်တော်အချုပ်ထောင်ထဲ ဧကစာ။နိုင်ငံတကာသံတမန်များ၏ တွေ့ဆုံခွင့် ကမ်းလှမ်းချက်များ ကိုလည်း ပယ်ချကာ နိုင်ငံရေးအရအပျောက်ရှင်းရန် ရည်ရွယ်ချက် ကြီးမားစွာ။
၂၀၂၃ခုနှစ် တစ်ဝက်မကျိုးခင်မှာပင် မည်သည့်နေရာသွားသွား စိပ်စိပ်ကြားနေရသော သေနတ်သံ၊ လေကြောင်းပစ်ကူမပါလျှင် တိုက်တိုင်းရှုံးနေသောတပ်၊တလူလူလွှင့်ရှေ့သို့ချီလာသော တော်လှန်ရေးအင်အား စုများ၊နိုင်ငံတကာပိတ်ဆို့မှု၊ အမေရိကန်ဒေါ်လာအသက်ရှူကျပ်လာခြင်းနှင့်ဇောက်ထိုးဆင်းနေသော စီးပွား ရေး အရှိန်ပြင်းလာခြင်းတို့အရ သန်းရွှေတည်ခဲ့သောဖော်မြူလာဟောင်းကို ဖုန်သုတ် ဆေးမှုတ်ကာ မင်း အောင် လှိုင် သက်ပြင်းရယ် တွင်တွင်ချရတော့သည်။
ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအရအပျောက်ရှင်းလိုသော မဟာရည်မှန်းချက် ကျဆုံးခြင်း သို့မဟုတ် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းကို ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်ပြုလိုက်ရ သည်။စစ်ကောင်စီ သက်ဆိုးရှည်ရေး အစဉ်တစိုက် ထောက်ခံနေသော ထိုင်နိုင်ငံခြားရေးဝန်ကြီးကို တွေ့ ဆုံခွင့်ပြုခြင်းသည် မသမာသောလက်ဝါးချင်းရိုက်ချက်ဖြစ်ကြောင်း များစွာသောပြည်သူတို့က ယုံကြည်ပြီး ဖြစ် သလို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်ဆိုသော ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏အပြောကိုလည်း မည်သူကမှ မယုံ။
သို့သော်၊ တစ်ပတ်ပင်မကြာသောအချိန်တွင် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်နှင့်ထိုင်းနိုင်ငံ ခြားရေးဝန်ကြီးတို့ တွေ့ဆုံမှုအပေါ်အခြေတည်ကာ လိမ်ညာဝါဒဖြန့်တော့သည်။ဒေါ်အောင်ဆန်းစုကြည်က NUG၊ PDF နှင့်လက်နက်ကိုင်လမ်းစဉ်ကို လက်မခံဟု ပြောကြားခဲ့သယောင် ပြည်သူများအား လိမ်ညာဝါဒ ဖြန့်ခြင်းဖြစ်သည်။
ဆိုရသော်၊ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုခြင်းအပေါ် စစ် ကောင်စီ၏စိတ်ကူးယဉ်မျှော်လင့်ချက်မှာ နိုင်ငံတကာဖိအားများလျော့ပါးစေချင်ရုံတင်မက နွေဦးတော်လှန် ရေးကို ထိုးခွဲရန်လည်း ဖြစ်ကြောင်း ပေါ်လွင်လာတော့သည်။ဒေါ်အောင်ဆန်းစုကြည် လက်မခံသော နွေဦး တော်လှန်ရေးအဖြစ်၊ဒေါ်အောင်ဆန်းစုကြည်မလိုလားသော တော်လှန်ရေးအင်အားစုများအဖြစ်၊ဒေါ်အောင် ဆန်းစုကြည်နှင့်နွေဦးတော်လှန်ရေးသည် သီးခြားစီ။ အရူးမီးဝိုင်း စစ်ဗိုလ် ချုပ်တို့၏ စိတ်ကူးယဉ်မှုက ထိုသို့ မိုးမမြင်လေမမြင်။
သို့သော်၊ရှေ့သို့ချီနေသောတော်လှန်ရေးဒီလှိုင်းမှာ တစ်ချက်မတွန့် ရှေ့သို့ပင်ရွပ်ရွပ်ချွံနေလေတော့ နောက်တစ်ဆင့် အယောင်ဆောင်။ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်မှ နေပြည်တော်ရှိ အိမ်တစ်အိမ်သို့ အကျယ်ချုပ်ပြောင်းရွှေ့လိုက်ကြောင်း သတင်းများကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့သည်။ စစ်ကောင်စီကမူ ထိုသို့ဝန်မခံ။
မြန်မာနိုင်ငံဆိုင်ရာတရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်း နေပြည်တော်သို့ရောက်လာ သည်။အင်ဒိုနီးရှား၊စင်ကာပူ၊မလေးရှားနှင့်ဂျပန်တို့ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ခွင့်ရရန် တောင်း ဆိုထားသည်။ယခုဆိုလျှင် နိုင်ငံခြားသံတမန်အချို့လည်း ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ခွင့်ရပြီးပြီဟုထင်၏။
သို့သော်၊မရိုးသားသော အာဏာရမ္မက် ရည်ရွယ်ချက်ဆိုးဖြင့် တွေ့ဆုံခွင့်ပြုခြင်းကြောင့် မည်သို့သောရ လဒ်မျှ ထွက်ပေါ်လာစရာအကြောင်းမရှိသလို ရှေ့ဆက်လှမ်းစရာ အဖြေတစ်ခုခုဆိုသည်မှာလည်း အိပ်မက် မျှပင်ဖြစ်ပေမည်။။ထို့အပြင် အရှိန်ဖြင့်ပြေးနေသောတော်လှန်ရေးဒီရေသည်လည်း ရပ်တန့် သွားစရာ အ ကြောင်း မရှိပေ။
ပြည်သူတို့၏ ကျောက်သားပမာ ခိုင်မြဲသော လိုအင်မှာ စစ်ဗိုလ်ချုပ်များ ခြွင်းချက်မရှိ လက်နက်ချရုံ တင်မက တိုင်းပြည်နှင့်ပြည်သူများအပေါ် ကျူးလွန်ထားသမျှ ပြစ်ဒဏ်ကျခံစေရေးဖြစ်သည်။နွေဦးတော်လှန် ရေးသည် NLDတော်လှန်ရေးမဟုတ်သလို NUGတော်လှန်ရေးလည်းမဟုတ်၊ပြည်သူ့တော်လှန်ရေးသာလျှင်ဖြစ်သည်။