လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်း ဖက်ချုပ်နှောင်ကာ မြန်မာ့နိုင်ငံရေးပလက်ဖောင်းပေါ်က လုံးဝဖယ်ရှားရန် အကြံကြီးခဲ့သော အာဏာသိမ်းစစ် ဗိုလ်ချုပ်တို့ခမျာ ခေါင်းငိုက်စိုက်ချလိုက်ရပြီဖြစ်သည်။
မအောင်မြင်သောအာဏာသိမ်းမှု ၂နှစ်ခွဲကျော်ကာလ၊ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ ရုံတင်မက မီးဝင်းဝင်းတောက် လောင်မြိုက်နေသော အငြိုးတကြီးစိတ်ဖြင့် နေပြည်တော်အချုပ်ထောင်ထဲ တစ်ကိုယ်တော် ပိတ်လှောင်၊အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့၏ တွေ့ဆုံခွင့်တောင်းဆိုခဲ့သမျှ တံခါး တင်းတင်းစေ့ခဲ့သော စစ်ဗိုလ်ချုပ်တို့မှာ ယခုတော့ တံခါးတစ်ချပ် လှပ်လိုက်ရလေပြီ။
ဇူလိုင်၉ရက်နေ့တွင် မကြာမီအာဏာလက်မဲ့ဖြစ်တော့မည့် ထိုင်းအိမ်စောင့်အစိုးရ၊နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်း နေပြည်တော်သို့ သီးသန့်လေယာဉ်ဖြင့် ရောက်ရှိလာကာ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ ဆုံခဲ့ကြောင်း ဇူလိုင်၁၁ရက်နေ့၊အင်ဒိုနီးရှားနိုင်ငံ၊ဂျကာတာမြို့တော်၌ ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန် ကြီးများအစည်းအဝေး၌ ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက စစ်ကောင်စီရောဒေါ် အောင်ဆန်းစုကြည်ကပါ သဘောတူသောကြောင့် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်းဆိုသည်။နိုင်ငံရေးအကဲခတ်များ ကတော့ စစ်ကောင်စီနှင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ညီညွတ်ခြင်းကြီးစွာဖြင့် ကြိုတင်ဇာတ်ညွှန်းရေးဆွဲကာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခြင်းဟု ကောက်ချက်ချကြသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးမှာ မြန်မာစစ်ခေါင်းဆောင်များ အာဆီယံတွင် လူရာပြန်ဝင်ရေး စွမ်းစွမ်း တမံ လုံ့လစိုက်ခဲ့သူ။စစ်ကောင်စီက နိုင်ငံတကာဖိအားများကို ကြံ့ကြံ့ခံကာ ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ခွင့်တောင်းခဲ့သော သံတမန်များကို ငြင်းပယ်ခဲ့သလောက် မကြာမီ အာဏာလက်မဲ့ဖြစ်တော့မည့် ထိုင်းနိုင် ငံခြား ရေးဝန်ကြီးကျမှ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုခြင်းမှာ အဘယ်နည်း။စစ်ကောင်စီနှင့်ထိုင်း နိုင်ငံခြားရေးဝန်ကြီးကြား မည်သို့သော အကျိုးစီးပွား အပေးအယူ ရှိသလဲဆိုသည်ကို တိတိပပ မသိနိုင်သော် လည်းဖြောင့်စင်းသောကြန်အင်မဟုတ်ကြောင်းအများက သိမှတ်ကြသည်။
ထို့ပြင် မြန်မာ့အရေးကို ဖြေရှင်းရန် အာဆီယံခေါင်းဆောင်များ၏သဘောတူညီချက်ဖြင့် အာဆီယံဘုံ သဘောတူညီချက်၅ရပ်ထုတ်ပြန်ကာ အာဆီယံအသင်းကြီးက ကိုင်တွယ်နေသလို အမေရိကန်နှင့်တရုတ်အပါ အဝင် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အာဆီယံ၏မြန်မာ့အရေးကိုင်တွယ်မှုအပေါ် ထောက်ခံအသိအမှတ် ပြုထားပြီးဖြစ်သည်။ထို့ကြောင့် မြန်မာ့အရေးနှင့်ပတ်သက်ပြီး ၂၀၂၁ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဌဘရူး နိုင်းနိုင်ငံ၊၂၀၂၂ခုနှစ်တွင် အလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားနိုင်ငံနှင့် ယခု၂၀၂၃ခုနှစ်တွင် အလှည့်ကျဥက္ကဌ အင် ဒိုနီးရှားနိုင်ငံက ဦးဆောင်ကိုင်တွယ်ခဲ့၊ကိုင်တွယ်လျက်ရှိသည်။
ယင်းသို့ အာဆီယံအလှည့်ကျဥက္ကဌနိုင်ငံက မြန်မာ့အရေးကို ဦးဆောင်ကိုင်တွယ်နေပါလျက် အာဆီ ယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သော ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးက အာဆီယံအလှည့်ကျဥက္ကဌ အင်ဒို နီး ရှားနိုင်ငံကို အသိပေးခြင်းပင်မရှိဘဲ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရေး ကြိုးပမ်းမှု၏ အဓိပ္ပါယ်အား မည် သို့ ဖွင့်ဆိုကြမည်နည်း။
အရပ်ရပ်သောအချင်းအရာများကို ခြုံငုံသုံးသပ်လိုက်သောအခါ ဒေါ်အောင်ဆန်းစုကြည် ပြောကြား ခဲ့သည်ဟုဆိုသော ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အပြောအပေါ် သံသယကြီးပေတော့သည်။ ဒေါ်အောင်ဆန်း စုကြည်က မြန်မာပြည်သူများ ခါးစည်းခံနေရသော ဆုံးရှုံးမှုများနှင့် တိုင်းပြည် စီးပွားရေး အပေါ် စိုးရိမ် ကြောင်း မြန်မာ့အရေးဆွေးနွေးပြောဆိုမှုများကို ထောက်ခံကြောင်း ပြောကြားခဲ့သည်ဟု ထိုင်း နိုင်ငံခြားရေး ဝန်ကြီးက ဆိုသည်။ဒေါ်အောင်ဆန်းစုကြည်ပြောစကားများကို လိုသလို ဖြတ်ညှပ်ကပ်ထား ခြင်း လား၊ရာခိုင် နှုန်းမည်မျှ မှန်မည်နည်း။
သေချာသည်မှာ စစ်ကောင်စီသည် ၂၀၂၃ခုနှစ်အတွင်း အရှိန်မြင့်လာသော တော်လှန်ရေးဒီရေနှင့် အ နောက်အုပ်စု၏ပိတ်ဆို့အရေးယူမှုဒဏ် ထိချက်ပြင်းလာသဖြင့် အရပ်ရပ်သောဖိအားများ ကျဆင်းသွားနိုင်မ လားဆိုသည့် မျှော်လင့်ချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည်ရှေ့တော်မှောက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို ပို့ ဆောင်ခဲ့ခြင်းဖြစ်သည်။
ပြောရလျှင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးပလက်ဖောင်းပေါ်က အပြီးတိုင်ဖယ်ရှားရန် အကြံကြီးခဲ့သော စစ်ဗိုလ်ချုပ်များမှာ ယခုတော့ ဒေါ်အောင်ဆန်းစုကြည်၏ကမ္ဘာ့အဆင့် နိုင်ငံရေးဩဇာ ကြီး မှုအပေါ် မဖြစ် မနေ ပြန်လည်ဦးခိုက်ရပြီဖြစ်သည်။
မည်သို့ပင်ချုပ်နှောင်ထားစေကာမူ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးမှာ အညွန့်တလူလူဖြင့် ရှင် သန်နေကြောင်း ဒုတိယအာဏာရှင်သန်းရွှေလက်ထက်ကတည်းက သက်သေပြခဲ့ပြီးဖြစ်သလို ယခုလည်း ဆက်လက် သက်သေပြလျက်ပင်ဖြစ်သည်။
မင်းအောင်လှိုင်နှင့်အပေါင်းအပါတို့မှာမူ ဖက်ဆစ်ထက်အပြန်တစ်ရာသာ၊ လူဟုပင်မခေါ်ထိုက်သော ပြည်သူ့ချဉ်ပတ် လူသတ်ကောင်ကြီးများအဖြစ် မြန်မာတည်သရွေ့ ပုပ်စော်နံနေမည်မှာလည်း သေချာပါသည်။