နေပြည်တော် ကျည်လုံမှန်ခန်းမှနေ၍ လှမ်းမျှော်ကြည့်လိုက်လျှင် သိပ်မဝေးသော ကရင်နီပြည်နယ် မှာ စစ်ကောင်စီဗိုလ်ချုပ်တို့၏ ရင်ဝကို ထုတ်ချင်းပေါက်မြနေသောလှံဖျားဖြင့် ဆွနေတာ ကြာခဲ့ပြီဖြစ် သည်။
တိုက်တိုင်းရှုံးနေပြီး အရှုံးကို တစ်ရာဖိုး၃ထည်ပမာ ဈေးပေါလွန်းလှသည့် အကြမ်းဖက်စစ်သားတို့၏ အသက်များစွာဖြင့် ပုံအောနေသော်လည်း နောက်ထပ်အရှုံးပင်လယ်ဝေနေခြင်းမှာ စစ်ဗိုလ်ချုပ်၏ အာဏာအိပ် မက် ပရုပ်လုံးပမာ တဖြည်းဖြည်း လုံးပါးပါးလာပြီဖြစ်ကြောင်း သက်သေပြနေပေသည်။
ကရင်နီဒေသ မြို့ပေါ်အချို့တွင်သာ စစ်တပ်က ထောင်လွှားနိုင်တော့သည်မှာ ငြင်းမရ။မြို့များစွာ၏ ပြင်ပ ခြေလှမ်း၁၀လှမ်းကျော် ထပ်လှမ်းလိုက်လျှင်ပင် တော်လှန်ရေးအင်အားစုတို့၏ စိုးမိုးနယ်မြေ။ကရင်နီ ဒေသမှမဟုတ်။မြန်မာနိုင်ငံတစ်ဝန်း ကျေးလက်ဒေသများစွာသည် စစ်ကောင်စီတပ် ထိန်းချုပ်မှုအောက်က လွတ်ကင်းနေခဲ့လေပြီ။
ထိုသို့သော သွေးစိမ်းရှင်ရှင်ကျနေသော စစ်ဗိုလ်ချုပ်တို့၏ဒဏ်ရာကို ဆားပက်ထည့်လိုက်သည်မှာ ကရင်နီပြည်နယ်၊မယ်စဲ့မြို့အား စစ်ကောင်စီတပ် လက်လွှတ်လိုက်ရရုံမက မယ် စဲ့ မြို့ စစ်ကောင်စီတပ် စခန်းမှ လက်နက်ရောစစ်သားများပါ အစုအဖွဲ့လိုက် လက်နက်ချအညံ့ခံခဲ့ခြင်းပင်ဖြစ်သည်။
ထို့အပြင် ဇူလိုင်၁ရက်နေ့တွင် စစ်အုပ်စုလက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့သော ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး( ကလလတ)က စစ်အုပ်စု ကို ပြန် လည်တိုက်ခိုက်နေပြီဖြစ်ကြောင်း တရားဝင်ကြေညာလိုက်ခြင်းကလည်း နေပြည်တော် ကျည်လုံမှန်ခန်းထဲ အ ချက်ပေးခရာသံများ တရစပ်မြည်လာရတော့သည်။
“ကျနော်တို့အခြေပြုလှုပ်ရှားကရင်နီပြည်(ကယားပြည်နယ်) ထဲက ဒေသတစ်ခုဖြစ်တဲ့ သံလွင်အရှေ့ ဘက်ခြမ်းက တောင်လှ၊ မယ်တနွယ်၊ ဘီပီ ၁၄၊ မယ်စဲ့တို့မှာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့က စတင် ပစ်ခတ် လိုက်တဲ့ သေနတ်သံများတိုက်ပွဲများနဲ့ ကျနော်တို့ အဖွဲ့အစည်း(ကလလတ) ရဲ့ သမိုင်းစာမျက်နှာသစ်ကို တ ရား ဝင်ဖွင့်လှစ် လိုက်ပါပြီ”ဟု ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး( ကလလတ)က ကြွေးကြော်လိုက်သည်။
စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်၊ ၂၀၀၈ အခြေခံဥပဒေ အကုန်အစင်တိုက်ဖျက်ရေး သည် ‘ကလလ တ’၏ လတ်တလောရည်မှန်းချက်ဖြစ်ပြီး စစ်အုပ်စုကိုတော်လှန်သောမည်သည့်အဖွဲ့အစည်းနှင့်မဆို ပူးပေါင်း တိုက်ပွဲဝင်သွားမည်ဖြစ်ကာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ် ရေးအစိုးရတို့နှင့် လက်တွဲ လုပ်ဆောင်သွားမည်ဟုလည်း ဆိုသည်။
ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦးသည် အင်အားကြီး လက်နက်ကိုင်အဖွဲ့အ စည်းတစ်ရပ်မဟုတ်သော်လည်း သေနတ်ပြောင်းကို စစ်အုပ်စုဘက်ပြန်လှည့်လိုက်သော ပထမဆုံးနယ်ခြား စောင့်တပ်ဖြစ်ခြင်းကြောင့် ရိုက်ခတ်မှုကြီးခဲ့သလို အခြား၊အခြားသောနယ်ခြားစောင့်တပ်များနှင့် အပစ်ရပ် အုပ်စုများ၏အနာဂတ်ကိုလည်း မေးခွန်းထုတ်လိုက်သလိုပင်ဖြစ်သည်။
ထိုသို့ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦးက စစ်အုပ်စုထံ သေနတ်ပြောင်း လှည့်ပြီးသည့်အချိန်တွင် အပစ်ရပ်၅ဖွဲ့မှာမူ နိုင်ငံရေးနားမလည်သည့် စစ်ဗိုလ်ချုပ်များနှင့် နိုင်ငံရေးစကား တွင်တွင်ပြောကာ ငြိမ်းချမ်းရေးခေါင်းစဉ်တပ်ထားသည့် ဆွေးနွေးပွဲ ပြုလုပ်လျက်ရှိသည်။
စစ်ကောင်စီဆိုသည်မှာ တရားမဝင်သော အာဏာသိမ်းအဖွဲ့ဖြစ်သလို အပစ်ရပ်၅ဖွဲ့မှာလည်း မည် သူ့ကိုမျှ ကိုယ်စားမပြုကြသူများဖြစ်သော်ငြား ဇွန်လ၂၆ရက်မှ၂၈ရက်နေ့အထိ ၃ရက်ကြာ တိုင်းပြည်၏ အနာဂတ်အရေး အရှက်ကင်းမဲ့စွာ ဆွေးနွေးနေကြသည်။
နိုင်ငံရေးစကားချည်း ရေပက်မဝင်အောင်ပြောကာ စစ်ဗိုလ်ချုပ်တို့နှင့် ဖန်ခွက်ချင်းတိုက်နေကြသည် မှာ အကျိုးစီးပွားကိုယ်စီရရှိရေးအတွက် တိုင်းပြည်ကို ဒုက္ခပေးရေးသာဖြစ်ကြောင်း ပြည်သူအပေါင်းကောင်း ကောင်းသိကြသည်။စစ်ကောင်စီလို ပြည်သူသတ်နေသော အာဏာသိမ်းအကြမ်းဖက်အဖွဲ့နှင့် တွေဆုံဆွေး နွေး အဖြေရှာစရာမလိုကြောင်း ရန်-ငါပြတ် သဘောထား ပြည်သူတို့ ချမှတ်ခဲ့ပြီးဖြစ်သည်။
စစ်အုပ်စုရင်ဝဆီ သေနတ်ပြောင်းလှည့်ရေးသည် နွေဦးတော်လှန်ရေး၏ ပစ္စက္ခ တောင်းဆိုမှုဖြစ်ပြီး တိုင်းပြည်၏အနာဂတ်သို့ချီရာ လမ်းဖြစ်သည်။အပစ်ရပ်အားလုံး၊နယ်ခြားစောင့်တပ်အားလုံးရော စစ်သားနှင့် ရဲများအားလုံးပါ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦးကို စံနမူနာပြုကာ စစ်အုပ်စုဆီ သေနတ်ပြောင်းလှည့်ကြရန် အချိန်မီသေးသည်။
ပြည်သူ့ရင်ခွင်ဝင်လာကြသူတိုင်းကို ပြည်သူတို့က မေတ္တာစိတ်ကြီးစွာဖြင့် စောင့်ကြိုလျက်ရှိသည်။ မြန်မာပြည်သူတို့သည် အချစ်လည်းကြီးပြီး အမျက်လည်းကြီးတတ်သည်ကို အထူးသတိချပ်ကြစေလိုပါသည်။