‘မလုပ်ရဲတာဘာမှမရှိဘူး’ဟု ကြွေးကြော်ကာ မိုက်လုံးကြီးပြနေသော စစ်ခေါင်းဆောင်မင်းအောင်လှိုင် မှာသူ့အတွက် အကျိုးရှိမည်ဆိုပါက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ထံ ဝပ်တွား တောင်းပန်ရန်လည်း ဝန်လေးမည်မဟုတ်ကြောင်း မီဒီယာပလက်ဖောင်းပေါ် တက်လာသော နောက်ဆုံးသ တင်းတစ်ရပ်က သက်သေခံနေပေသည်။
ဇွန်လ၁ရက်နေ့၊မြောက်ပိုင်းမဟာမိတ်၃ဖွဲ့နှင့် မိုင်းလားဆွေးနွေးပွဲ ဟက်တက်ကွဲခဲ့ရုံတင်မက တိုက်ပွဲ ဝင်သေနတ်သံများပါ ဝုန်းဒိုင်းကြဲထွက်ပေါ်လာခဲ့ပြီး မကြာမီ NLDပါတီနာယက ဦးတင်ဦးထံ ဇွတ်တရွတ်သွား၊ ဇွတ်တရွတ်ပြောချင်ရာပြောပြီး ပြောထားသမျှ ရုပ်ကူးထားသော ရုပ်သံဖိုင်အား ကိုယ့်ဘာသာ ထုတ်ပြန်လိုက် သည့် သန်လျင်သဘာဝတရားရိပ်သာဘုန်းကြီး၏ မသပ်မရပ်ဆင်ထားသောဇာတ်ညွှန်း အများပြည်သူပလက် ဖောင်း ပေါ်သို့ ရောက်ရှိလာ။
ထိုဇာတ်ညွှန်း၏အနှစ်ချုပ်မှာ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေသည့် တော်လှန်ရေးအင် အားစုများအား ဒေါ်အောင်ဆန်းစုကြည်အနေနှင့် တားမြစ်ကာ တိုင်းပြည်ငြိမ်းချမ်းရေးရရှိအောင် ပြုလုပ်ပေး ရန်နှင့် တိုင်းပြည်အုပ်ချုပ် နိုင်ငံရေးအလုပ်ကိုမူ လုံးဝမလုပ်တော့ဘဲ အနားယူကာ စစ်ကောင်စီအုပ်ချုပ် သမျှ ထိုင်ကြည့်ရန်ဟူ၍ ဖြစ်သည်။
သဘာဝတရားရိပ်သာဘုန်းကြီးမှာ ပြည်သူကို ပစ်မှတ်ထားသတ်ဖြတ်နေသော အဓမ္မဝါဒီစစ်ကောင်စီ အပေါ် တစ်ခွန်းမျှ အပြစ်မဆို။စစ်ကောင်စီ၏ မအောင်မြင်သောအာဏာသိမ်းပွဲကို အောင်မြင်အောင် ပြည်သူ များက ဝိုင်းဝန်းဖေးကူကြရမည့်ပုံ။စစ်ကောင်စီလုပ်သမျှ အသက်မရှိသူများပမာ ခေါင်းငုံ့နာခံလိုက်ခြင်းသည် မြန်မာ့နိုင်ငံရေးထွက်ပေါက်ဟု ဆိုချင်ပုံ။သဘာဝတရားရိပ်သာဘုန်းကြီးသည် သားသတ်သမားစစ်ဗိုလ်ချုပ်တို့ ၏ဘက်တော်သားအဖြစ် ရွပ်ရွပ်ချွန်ချွန်တာဝန်ကျေပြခြင်းလား၊စစ်ဗိုလ်ချုပ်တို့၏ ခိုင်းစေချက်အတိုင်း လုပ် ဆောင်ခြင်းလားဆိုသည်ကိုမသိသော်လည်း ပြည်သူအများ၏ ပြင်းထန်သောကန့်ကွက်သံကို ကြားလိုက်ရမည် မှာသေချာသည်။
တစ်ဆက်တည်းမှာပင် မင်းအောင်လှိုင်ခန့် စစ်ဗိုလ်ချုပ်၂ဦး မေလ၂၇ရက်နှင့်ဇွန်လ၄ရက်တို့တွင် နေပြည်တော်အချုပ်ထောင်ထဲရှိ ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်တွေ့ဆုံသည့် သတင်း ထပ်မံ ထွက် ပေါ်လာပြန်သည်။သွားတွေ့သည့်အကြောင်းရင်းက တိုင်းပြည်ငြိမ်းချမ်းရေးရအောင် ကူညီပေးရန် ဒေါ်အောင် ဆန်းစုကြည်ကို သွားရောက်မေတ္တာရပ်ခံခြင်းဟုဆိုကြ၏။စစ်ဗိုလ်ချုပ်များ သွားတွေ့သည့်အကြောင်းကို တည့်တည့်ပြောရသော် နိုင်ငံတစ်ဝန်း တော်လှန် ရေးအင်အားစုများ၏ လက်နက်ကိုင်တော်လှန်နေမှုများအား ဝင်ရောက်ထိန်းကျောင်းပေးရန်ပင်ဖြစ်သည်။
ထိုသတင်းကို စစ်ကောင်စီက ငြင်းဆိုသလို ရာနှုန်းပြည့်အတည်ပြုရန် ခက်ခဲလှသော်လည်း သဘာဝ တရားရိပ်သာဘုန်းကြီးသတင်းနှင့်အချိတ်အဆက်ရှိနေခြင်းအရမှန်လောက်ဖွယ်သတင်းတစ်ရပ်ဟု ကောက် ချက် ချနိုင်ပေသည်။
ထို့ပြင် ပြည်သူကိုပစ်မှတ်ထားတိုက်ခိုက်ကာ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းသာတတ် နိုင်ပြီး တော်လှန်ရေးအင်အားစုများနှင့် ရင်ဆိုင်တိုက်ပွဲတိုင်းနီးပါးတွင် အလဲလဲအကွဲကွဲဖြင့် လေကြောင်းပစ် ကူ မနားတမ်းခေါ်နေရသည့် အခြေအနေ၊သူခိုးဓားပြများပမာ ထင်သလိုပြုမူနေသောစစ်တပ်၊အပြုတ်တိုက် ရေးလိုင်းကို နေပြည်တော်ဗိုလ်ချုပ်များကသာ လက်သီးလက်မောင်းတန်းနေပြီး တကယ်တိုက်နေသူစစ် သား များက စိတ်ပျက်နေပုံရခြင်းနှင့် နိုင်ငံတစ်ဝန်း စစ်မီးလျှံများ ပိုမိုတိုးပွားလာနေခြင်းအရ အသက် ရှူကျပ်လာ သောစစ်ကောင်စီမှာ လုပ်မိလုပ်ရာ ကောက်ရိုးတစ်မျှင်လမ်းတစ်သွယ်ပမာ ဒေါ်အောင်ဆန်းစုကြည်ထံပါး ဝပ်တွားကြည့် ခြင်းလည်းဖြစ်နိုင် ပါသည်။သို့သော်၊မည်သို့မျှ ဖြစ်မလာသည့်အဆုံး စစ်ကောင်စီသုံးနေကျနှင့် ကျွမ်းကျင်လှသောအ ကြမ်းဖက်ခြင်းကိုသာ ဆက်လက် ချွန်းဖွင့်သွားမှာကလည်း သေချာနေသည်။
မင်းအောင်လှိုင်သည် သူ၏ဆောင်ပုဒ်နှင့်အညီ မအောင်မြင်သောအာဏာသိမ်းပွဲကို လက်ရဲ ဇက်ရဲ ပြုလုပ်ကာ ရှေ့သို့ချီနေသောတိုင်းပြည်အား စိတ်ပါလက်ပါ ဖျက်ဆီးရင်း နေ့စဉ်နှင့်အမျှ သွေးပျက်နေမှာလည်း သေချာသည်။ ကြောက်စရာကောင်း လောက်အောင် ရက်စက်ယုတ်မာကြသူများမှာ အကြောက်ကြီးကြောက် တတ်ကြသူများဖြစ်၍ မင်းအောင် လှိုင် ထိန်းမနိုင်သိမ်းမရ အကြောက်ကြီးကြောက်လာမည့်နေ့တွင် ပြည်သူ ကို မျက်ရည်ခံထိုးဒူးထောက်တောင်းပန်ရန်လည်း ဝန်လေးမည်မဟုတ်ပေ။မင်းအောင်လှိုင်သည် မလုပ်ရဲတာ ဘာမှမရှိသောသူ ဧကန်ဖြစ်၏။
သို့သော်၊ကြိုးစင်မှတစ်ပါး အခြားမရှိဟုသာ ပြည်သူတို့ ပြန်ပြောကြမည်မှာလည်း သိပ်သေချာ နေပါသည်။