မြန်မာနိုင်ငံတွင် အသက်သည် ဈေးအပေါဆုံးဖြစ်ကြောင်း အသက်ပေါင်းများစွာကို တည်းခင်း၊ အလောင်းပေါင်းများစွာဖြင့် လှေကားထစ်လုပ်ကာ အာဏာပလ္လင်ပေါ်သို့ မင်းအောင်လှိုင် တွယ်တက်နေခြင်းက သက်သေခံနေပေသည်။
မင်းအောင်လှိုင်နှင့်တကွ စစ်ကောင်စီခေါင်းဆောင်တို့မှာ ယခု အာဏာသိမ်းကာလ ၂နှစ်ပြည့်တော့မည့်အချိန်တွင် သူတို့၏မဟာရည်မှန်းချက်ဖြစ်သော ရာသက်ပန်အာဏာပိုင်စိုးရေးလမ်းသည် ဆောင်းတွင်း အိပ်မက်ကယောက်ကယက်မျှသာ ဖြစ်ကြောင်း အသိနက်လာပြီဖြစ်သော်လည်း ဆက်လက်မိုက်တွင်းနက်ရန်ကိုသာ ပိုင်းဖြတ်ခဲ့ကြသည်။
တိုင်းပြည်တစ်ဝက်ကျော်မှာ မီးဟုန်းဟုန်းတောက်နေသည်။သေနတ်သံ၊ဗုံးဆန်နှင့် ကျည်ဆန်တို့မှာ ဆိုင်းသံ၊ဗုံးသံများဖြင့်ပွဲလမ်းသဘင်ပမာ တောက်ကြွားလျက်ရှိသည်။ယခုရက်ပိုင်းအတွင်း အင်ဒိုနီးရှား ပင်လယ်ရေကြောင်းရေးရာ ညှိနှိုင်းရေးနဲ့ ရင်းနှီးမြှုပ်နှံမှုရေးရာဝန်ကြီး Luhut Panjaitan က စစ်ကောင်စီအနေနှင့် အင်ဒိုနီးရှားနိုင်ငံကို နမူနာယူကာ အရည်အချင်းပြည့်ဝသည့်ခေါင်းဆောင်များအား နိုင်ငံအုပ်ချုပ်ခွင့်ပေးလိုက်ရန် တိုက်တွန်းခဲ့သော်လည်း စစ်ကောင်စီက မြန်မာပြည်သူများအားလုံး ချွင်းချက်မရှိ လက်နက်ချအညံ့ခံကာ ၎င်းတို့၏ အာဏာသိမ်းမှုကို ဆက်လက်အတည်ပြုပေးရန်သာ တောင်းဆိုနေပေသည်။
ကုလသမဂ္ဂ၏နောက်ဆုံးစာရင်းအရ မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာ စစ်ဘေးရှောင် ၁ဒဿမ ၄သန်း ကျော်ခဲ့ပြီ ဖြစ်သလို စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း နေရပ်စွန့် ထွက်ပြေးရသူပေါင်း ၁ဒဿမ၁ သန်း ကျော်ပြီဟုသိရသည်။စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းတို့၏ ကျေးလက်တို့တွင် စစ်တပ်က နေ့စဉ်ရှို့နေသောမီးကြောင့် ဟုန်းဟုန်းတောက်နေသလို ကုလသမဂ္ဂစာရင်းထဲမဝင်၊နိုင်ငံတကာ လူသားချင်းစာနာမှု အထောက်အပံ့လည်း မရဘဲ အိုးမဲ့အိမ်မဲ့ပြည်သူများစွာ ဖြစ်သလို တဲထိုးနေကြရသည်။
သို့သော်၊စစ်ကောင်စီမှာမူ ၎င်းတို့အာဏာတည်မြဲရေးကိုသာ ခေါင်းထဲထည့်မပျက်ဖြစ်သည်။ စစ်သား မြင်လျှင် တိုက်ပွဲဝင်၊စစ်တပ်ကိုအော့နှလုံးနာစွာ ရသလို ဆန့်ကျင်နေကြသော ပြည်သူများကို ထင်ထင်ရှားရှား မြင်တွေ့ရပါလျက် မင်းအောင်လှိုင်နှင့် အပေါင်းအပါတို့မှာ သူတို့အတွက် နောက်ဆုံးကောက်ရိုးတစ်မျှင်အဖြစ် ရွေးကောက်ပွဲပြုလုပ်ရန် စိတ်ကူးယဉ်နေ ပြန်ပေသည်။
ထို့ကြောင့် နေပြည်တော်က အဲကွန်းခန်းထဲ ချွေးဒီးဒီးကျနေသော စစ်ဗိုလ်ချုပ်တို့မှာ ရေဗူးပေါက်တာမလိုချင်ဘူးဆိုသည့် အာဏာရှင်စစ်တပ်၏ထုံးစံအတိုင်း ရွေးကောက်ပွဲအတွက် မဲစာရင်း မဖြစ်ဖြစ်သည့် နည်းဖြင့် ကောက်ခံခိုင်းတော့သည်။
မုံရွာကဲ့သို့သော နေ့စဉ်သေနတ်သံနှင့်ပေါက်ကွဲသံကြားနေရသော မြို့များတွင်ပင် လုံခြုံရေးအင်အား အခိုင်အမာဖြင့် ရှေ့တန်းထွက်တိုက်ပွဲဝင်နေသလို မဲစာရင်းကောက်ခံစေခဲ့သလို ယင်းမှာရွေးကောက်ပွဲမပြု လုပ် ခင်က တည်းက ပြည်သူတို့၏ အိမ်ပေါက်ဝတည့်တည့် သေနတ်ပြခြိမ်းခြောက်ပြီးလည်းဖြစ်သည်။
မဲစာရင်းကောက်ခံခြင်းကို မဲစာရင်းနှင့်သက်ဆိုင်သည့် စစ်ကောင်စီ လက်အောက်ခံ လဝက နှင့်အုပ် ချုပ်ရေးဝန်ထမ်းများသာမက အခြားသောဌာနဆိုင်ရာဝန်ထမ်းများကိုပါ အ ဓမ္မကောက်ခံစေခဲ့သည်။ယင်းသည် တော်လှန်ရေးအင်အားစုများက အုပ်ချုပ်ရေးနှင့်မဆိုင်သောဌာန ဆိုင်ရာဝန်ထမ်းများဖြစ်၍ ထောက်ထားငဲ့ညှာ မည်လားဆိုသည့်မျှော်လင့်ချက်နှင့် သတ်လျှင်အသေခံ လိုက်ကြ၊အသတ်ခံရလျှင် ဝါဒဖြန့်မည်ဟူ ၍ တစ်ချက် ခုတ်နှစ်ချက်ပြတ်စေလိုခြင်းလည်းဖြစ်နိုင် သည်။
ဇန်နဝါရီ၁၉ရက်နေ့ညက စစ်ကိုင်းတိုင်း၊မြင်းမူမြို့ပေါ်ရှိ လူဝင်မှုကြီးကြပ်ရေးရုံးကို တော်လှန်ရေး အင်အားစုများက ဝင်ရောက်စီးနင်းမီးရှို့ခဲ့သည်။ရုံးထဲတွင် မဲစာရင်းပြုစုနေကြသည်ဟု ယူဆရသော လဝက ဝန်ထမ်းများကို တွေ့ရသည်။သို့သော်၊တော်လှန်ရေးအင်အားစုများက ပစ်ခတ်ခြင်းမရှိဘဲ စာရွက်စာတမ်း နှင့် ကွန်ပျူတာတို့ကိုသာ မီးရှို့ခဲ့ကြသည်။
မြင်းမူလဝကရုံးဖြစ်စဉ်ကဲ့သို့ပင် စစ်ကောင်စီရွေးကောက်ပွဲ နှင့်ဆက်စပ်သည့် ဝင်ရောက်စီးနင်းမှုတို့ တွင် လည်း အုပ်ချုပ်ရေးနှင့်မဆိုင်သောဝန်ထမ်းတို့၏အသက်ကို ထိပါးခြင်းမျိုးမရှိခဲ့သော်လည်း ၎င်းမှာ အချိန် တစ်ခု ပေး ထားခြင်းဖြစ်ပြီး သတ်မှတ်အချိန်ကျော်လွန်ကာ တိုက်ပွဲဒီဂရီမြင့်တက်လာပါက မောင်းတင်ထားသည့် ခလုတ်ကို ဆွဲဖြုတ်နိုင်ခြေရှိကြောင်း အထူးသတိပြုရန်လိုပေသည်။
ထို့အပြင်နောက်ထပ်စစ်ကောင်စီချခင်းဦးမည့်အသက်များမှာ စစ်ကောင်စီဖဝါးအောက်ဒူးထောက် နေကြကုန်သော ရွေးကောက်ပွဲဝင်မည့် အယောင်ဆောင်နိုင်ငံရေးပါတီတို့ဖြစ်ပြီး တော်လှန်ရေးအင်အားစုတို့က ပြတ်ပြတ်သားသား ချေမှုန်းသွားမည်မှာ သေချာသည်။
စစ်ကောင်စီသည် ၎င်းတို့အာဏာတည်မြဲရေးအတွက် စစ်သား၊ရဲနှင့်အုပ်ချုပ်ရေးဝန်ထမ်းများသာမ က မည်သူမဆိုတို့၏အသက်ကိုချခင်းရန်ဝန်မလေးကြသူများဖြစ်သည်။စစ်ကောင်စီအတွက် မည်သူမဆို၏အ သက် သည် ဈေးပေါပြီး စစ်အာဏာရှင်စနစ် အဓွန့်ရှည်ရေးအတွက် အသက်ပေး လိုက်ကြရန် အဓမ္မတောင်းဆို နေကြောင်း MPA က သတိပေးလိုက်ရပါသည်။