အကယ်၍
မင်းနိုင်ခဲ့သမျှတွေ အားလုံးဟာ
ကြွေတလှည့် ကြက်တစ်ခုန်ပမာ
တလှည့် တခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်…..။
ဤကဗျာ စာပိုဒ်ကလေးသည် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဘာသာပြန်ထားသော ကဗျာ အရှည်ထဲက အပိုင်းအစကလေး ဖြစ်ပါသည်။
မူရင်း ကဗျာမှာ If ဟု အမည်ရသည့် ကဗျာရှည် ဖြစ်ပြီး အင်္ဂလိပ် လူမျိုး ယွဒ်ယာ့ဒ် ကစ်ပလင်း (Rudyard Kipling) ရေးဖွဲ့ခဲ့သည့် ကဗျာ ဖြစ်ပါသည်။
ကစ်ပလင်းသည် ကဗျာဆရာ၊ စာရေးဆရာ ဖြစ်ပြီး ဂျာနယ်လစ် တစ်ဦးလည်း ဖြစ်ပါသည်။
ယခု ဇွန်လ ၁၉ ရက်သည် ဒေါ်အောင်ဆန်းစုကြည် ၏ ၇၇ နှစ်မြောက် မွေးနေ့ အခါသမယဖြစ်ရာ ကစ်ပလင်း၏ ကဗျာ စာပိုဒ်ကလေးကိုလည်း သတိရမိခြင်း ဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ မွေးနေ့ကို အကျဉ်းစံဘဝ နှင့် ဖြတ်သန်းနေရသူ ဖြစ်သည်။
ရှေ့ပိုင်းတွင်လည်း သူ၏ မွေးနေ့များကို အကျဉ်းစံဘဝဖြင့် ၁၆ ကြိမ်ခန့် ဖြတ်သန်းခဲ့ရပြီးလည်း ဖြစ်ပါသည်။
ယခု တစ်ကြိမ် ဖမ်းဆီး အကျဉ်းချ ခံထားရသည့် အခြေအနေမှာ အသက်အရွယ်အရလည်း ကြီးရင့်နေပြီ ဖြစ်၍ ဒေါ်အောင်ဆန်းစုကြည် အတွက် စိုးရိမ်ဖွယ်ရာ ဖြစ်သည့်အပြင် နိုင်ငံ အတွက်လည်း စိုးရိမ်ဖွယ်ရာ အခြေအနေလည်း ဖြစ်ပါသည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းစဉ်ကတည်းက ဖမ်းဆီးခံရပြီး နှစ်ပေါင်း ၁၀၀ ကျော် ထောင်ဒဏ် ချမှတ်ခံရနိုင်သည့် အမှုပေါင်း ၁၉ မှု နှင့် အကြမ်းဖက် စစ်ကောင်စီ၏ တရားစွဲဆိုခြင်း ခံထားရသည်။
လက်ရှိမှာလည်း အမှု ၆ မှု အတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရပါသည်။
ထို့ပြင် မကြာသေးခင်က အဂတိမှုဖြင့် ထပ်တိုး စွဲဆိုရန်လည်း ပြင်ဆင်နေသေးသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ဒီမိုကရေစီ အရေးအခင်းက စပြီး မြန်မာပြည် နိုင်ငံရေး လောကထဲသို့ ဝင်ရောက်လာပြီးနောက် ၁၉၈၉ ကနေ ၁၉၉၅ အထိ ပထမ အကြိမ်၊ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၀၂ အထိ ဒုတိယ အကြိမ်၊ ၂၀၀၃ ခု မေ ၃၀ ဒီပဲယင်း အရေးအခင်း အပြီး ၂၀၀၃ ကနေ ၂၀၁၀ အထိ တတိယ အကြိမ် နဝတ၊ နအဖ စစ်အစိုးရ အဆက်ဆက်က နေအိမ် အကျယ်ချုပ် အပါအဝင် ဖမ်းဆီး အကျဉ်းချ ခံခဲ့ရသူလည်း ဖြစ်ပါသည်။
၁၉၈၈ က စသည့် သူ၏ နှစ်ပေါင်း ၃၀ ကျော် နိုင်ငံရေး ခရီးလမ်းတွင် အချိန် တဝက်ကျော်ကျော် အကျဉ်းစံ ဘဝဖြင့် ဖြတ်သန်းနေခဲ့ရပါသည်။
လူထု ထောက်ခံမှု အားကောင်းပြီး ပြည်သူ့ခေါင်းဆောင် တစ်ဦး ဖြစ်လာသည့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာရှင် အဆက်ဆက်က မနာလို မုန်းတီးမှုများ၊ စိုးရိမ် ကြောက်ရွံ့မှုများကြောင့် နည်းပေါင်းစုံသုံးပြီး မတရားဖိနှိပ် ဖမ်းဆီးထားခြင်း ဖြစ်သည်မှာ ယုံမှား သံသယ ဖြစ်ဖွယ်မရှိပါ။
သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေး သီလရှိသည့် နိုင်ငံရေးသမားကောင်း တစ်ယောက် ဖြစ်၍ စိတ်ဓာတ်မကျဘဲ ခိုင်ခိုင်မာမာ ရပ်တည်နိုင်သူ ဖြစ်ကြောင်း သူ၏ ရှေ့နေကြီး ဦးကြည်ဝင်းကတော့ သတင်းဌာန တစ်ခုကို ပြောကြားထားပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယ လူထုခေါင်းဆောင်ကြီး မဟတ္တမ ဂန္ဒီ ကဲ့သို့ အကြမ်းမဖက်ရေးမူကို (Non-Violence) စွဲကိုင် ကျင့်သုံးသူလည်း ဖြစ်ပါသည်။
အကြမ်းမဖက်ရေး ဝါဒီ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်ရသည့် နိုင်ငံရေး လောကဓံကမူ ကြမ်းတမ်း လွန်းလှသည်ဟု ဆိုရပါမည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၆ ခုနှစ်က စတင်သည့် သူ ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ သက်တမ်း ၅ နှစ် အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာ အရေးကိစ္စ နှင့် ရခိုင် စစ်ပွဲ အရေးများတွင် စစ်ရာဇဝတ်မှု နှင့် လူမျိုးတုံး သတ်ဖြတ်မှုများ ကျူးလွန်သည့် အကြမ်းဖက် စစ်တပ်ကို အကာအကွယ်ပေးသည်ဟု ဆိုပြီး ပြည်တွင်း ပြည်ပက ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။
ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဖြစ်သော်လည်း လူနည်းစု မွတ်စလင်များ၏ အခွင့်အရေးကို မျက်ကွယ်ပြုသည်ဟု ဆိုပြီး ယခင်က ထောက်ခံခဲ့သည့် နိုင်ငံတကာ အစိုးရများ နှင့် လူ့အခွင့်အရေး အဖွဲ့များ၏ ပြစ်တင် ရှုတ်ချမှုကိုလည်း ရင်ဆိုင်ခဲ့ရပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အာဏာရလာပြီးနောက်ပိုင်း စစ်တပ်နှင့် နီးကပ်လာကာ စစ်တပ်၏ ကျူးလွန်မှုများကို ကာကွယ်ပေးမှု တချို့ ပြုလုပ်ပေးခဲ့သော်လည်း အကြမ်းဖက် စစ်တပ်ကတော့ သူ့အပေါ် ကျေးဇူး သိမှု မရှိခဲ့ပါ။
တိုင်းရင်းသား အရေးနှင့် ဖက်ဒရယ် ဆိုင်ရာ ကိစ္စများတွင် ကွဲပြားမှု ရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည် ဒီမိုကရေစီရေး အတွက် သူ၏ အသက် အိုးအိမ် စည်းစိမ် ဥစ္စာများနှင့် အလဲအထပ် လုပ်ထားသူ တစ်ဦး အဖြစ် မြင်ကြောင်း တိုင်းရင်းသား ခေါင်းဆောင် တချို့ကတော့ ထုတ်ဖော်ပြောကြားပါသည်။
မည်သို့ပင် ဆိုစေ လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေသည် ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ လူထု ထောက်ခံမှု အားကောင်းစွာ နှင့် တိုင်းပြည်၏ ဦးဆောင်မှု နေရာသို့ ရောက်ရှိလာသော၊ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ဝင်ဆံ့သော ပညာတတ် နိုင်ငံ့ ခေါင်းဆောင်မျိုး ထပ်မံ ပေါ်ပေါက်လာရန် မလွယ်ကူနိုင်သေးပါ။
သို့ဖြစ်ပါ၍ မတရား ဖမ်းဆီး ချုပ်နှောင်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လည် လွှတ်ပေးရန်လည်း ယခု သူ၏ မွေးနေ့ကနေ တောင်းဆိုအပ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားသူများကလည်း မွေးနေ့ အထိမ်းအမှတ် အဖြစ် ယမန်နှစ်က စစ်အာဏာရှင်ကို ဆန့်ကျင်သည့် ပန်းသပိတ် ဆင်နွှဲခဲ့ပြီး ယခု မွေးနေ့တွင်လည်း ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး (Freedom from Fear) အွန်လိုင်း လှုပ်ရှားမှု ပြုလုပ်ရန် နှိုးဆော်မှုကို တွေ့ရှိရပါသည်။
Freedom from Fear သည် ဒေါ်အောင်ဆန်းစုကြည် ရေးသား ပြုစုထားသည့် စာအုပ်ဖြစ်ပြီး ဆန္ဒာဂတိ၊ ဒေါသာဂတိ၊ မောဟာဂတိ၊ ဘယာဂတိ ဆိုသော အဂတိ တရား ၄ ပါးကို အခြေခံ ရေးသားထားခြင်း ဖြစ်ပါသည်။
ဘယာဂတိသည် ကြောက်ရွံ့သဖြင့် မလိုက်သင့်သည့် ဘက်သို့ လိုက်ခြင်း၊ မပြုသင့်သည်ကို ပြုခြင်း ဖြစ်၍ ယင်း အဂတိတရား တစ်ခုကြောင့် ကျန်သော အဂတိတရားများကိုပါ ချိုးဖောက်နိုင်သည့် အတွက် အဆိုးဆုံး ဖြစ်ကြောင်းလည်း ဖော်ပြထားပါသည်။
အကယ်၍ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည် နိုင်ငံရေး လောက ကနေ ပျောက်ကွယ်သွားခဲ့လျှင်။
အကယ်၍ ဒေါ်အောင်ဆန်းစုကြည်ကို လက်လွှတ် ဆုံးရှုံးသွားခဲ့ရလျှင်။
အကယ်၍ ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ ခေါင်းဆောင်မျိုး ထပ်မံ မပေါ်ပေါက်လာခဲ့လျှင်။
NUCC လိုစုပေါင်းခေါင်းဆောင်မှုသည် မြန်မာနိုင်ငံရေးအတွက်အဖြေလား။
မြန်မာပြည်၏ အခြေအနေ မည်သို့ ဖြစ်လာနိုင်မည်နည်း ဆိုသည်ကိုလည်း စိုးရိမ်စိတ်နှင့် မေးခွန်း ထုတ်နေမိပါသည်။
သေချာသည်ကတော့ ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ပါတီ အပါအဝင် ဒီမိုကရေစီရေး လိုလားသည့် စစ်အာဏာရှင် ဆန့်ကျင် တော်လှန်သူများကို အကြမ်းဖက်စစ်ကောင်စီက ဒီကမ္ဘာမြေပေါ်ကနေ အပြီးတိုင် ဆိတ်သုဉ်း ပျောက်ကွယ်ရန် ချေမှုန်းပစ်လိုသည်မှာ အသေအချာပင် ဖြစ်ပါသည်။
အကယ်၍
ရန်သူကဖြစ်စေ၊ မိတ်ဆွေကဖြစ်စေ
မင်းကို သိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင်….။ ။
(ယွဒ်ယာ့ဒ် ကစ်ပလင်း)