By Sayar Ngaat / MPA
ကချင်ပြည်နယ်တွင် မြစ်ဖျားခံသည့် ဧရာမြစ်မှ ဆင်းလာမည့် မြစ်ရေကြောင့် မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ကြားရှိ မြို့များအနေဖြင့် ရေကြီးရေလျှံမှုကို သတိပြုရန်လိုအပ်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၂၀၂၄ခုနှစ်၊ ဇွန် ၃၀ ရက်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး ယနေ့(ဇူလိုင် နှစ်ရက်) အထိ မြို့ပေါ်ထိ ရေကြီးရေလျှံ လျက်ရှိနေသေးသည်။
သို့သော် ဧရာ၀တီမြစ်ရေသည် နှစ်ရက်အတွင်း မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ် အောက်သို့ ပြန်လည်ကျရောက်နိုင်သော်လည်း မိုးထပ်မံရွာသွန်းနိုင်မှုကြောင့် ရေကြီးရေလျှံမှု ဆက်လက်ဖြစ်ပေါ်နိုင်သေးသည်ဟု မိုးလေဝသ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ဆိုသည်။
“ နောက်လာမယ့် ၂၄နာရီအတွင်း ကချင်ပြည်နယ်ရော၊ ချင်းတွင်းမြစ်ဖျားခံရာဒေသတွေမှာရော၊ ဧရာဝတီမြစ်ဖျားခံရာနေရာတွေမှာရော မိုးထပ်များဦးမယ်၊၂၄နာရီအတွင်း မိုးရေချိန် မီလီမီတာ ၁၀၀ကျော်လောက် ရွာနေဦးမယ်၊ ဧရာဝတီမှာရော ချင်းတွင်းမြစ်မှာရော မိုးများရင် မြစ်ကြီးနားမှာက ချက်ချင်းကြီးရေက ကျသွားမှာ မဟုတ်ဘူး” ဟု ဦးဝင်းနိုင်က ပြောသည်။
ထို့ပြင် ဧရာ၀တီမြစ် စီးဆင်းရာတစ်လျှောက်ဖြစ်သည့် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းအတွင်းရှိ မြို့များသည် နောက် ၄၈နာရီအတွင်း ဧရာ၀တီမြစ်ရေသည် လက်ရှိရေမှတ်ထက် အနည်းဆုံး ငါးပေမှ အများဆုံး ခြောက်ပေအထိမြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ၂၀၂၄ခုနှစ်၊ ဇူလိုင် နှစ်ရက်၊ နံနက် ၉နာရီခွဲတွင် ထုတ်ပြန်ထားသည်။
“ ဧရာ၀တီမြစ်ရေက အထက်ပိုင်းမှာ မြင့်တက်တဲ့အတွက် အောက်ပိုင်းကို ပြန်စီးဆင်းမှာဖြစ်တယ်။ အဲ့ဒါကြောင့် မြစ်ကြီးနားနဲ့ မန္တလေးကြား မြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ မြို့တွေ၊ ကျေးရွာတွေရယ်၊ ပြီးတော့ ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်ဖြစ်တဲ့ မုံရွာမြို့အောက်ပိုင်းက ကျေးရွာတွေက ရေဘေးအန္တရာယ်ကို သတိထားဖိုလိုတယ်” ဟု ဦးဝင်းနိုင်က ပြောသည်။
ထို့ပြင် ဧရာ၀တီမြစ်စတင်ဖြစ်ပေါ်ရာ မေခမြစ်နှင့် မလိခမြစ်တို့တွင် မိုးရွာသွန်းမှု ပိုမိုများလာနိုင်ပြီး ရွာသွန်းမြဲမိုးရေချိန်ထက် ပိုနိုင်သည့်အတွက် မြစ်ကြီးနားမြို့တွင် ရေပြန်ကျရန် အချိန်ကြာနိုင်ကြောင်း ဦးဝင်းနိုင်က ခန့်မှန်းထားသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင် တစ်ရက် ရေကြီးမှု သတိပေးချက်တွင် ဧရာ၀တီမြစ်ရေသည် ဗန်းမော်မြို့၏ စိုးရိမ်ရေမှတ်အောက် ငါးပေခန့်တွင်ရှိနေပြီး ၃၆နာရီအတွင်း စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ကြောင်း၊ ရွှေကူမြို့တွင်လည်း ၂၄နာရီအတွင်း စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ကာ၊ ကသာမြို့တွင် နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိနိုင်သည်ဟု ထုတ်ပြန်ထားသည်။
ထို့ပြင် ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင် နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အထက်ကျော်လွန်နိုင်ပြီး၊ ဖောင်းပြင်မြို့တွင် နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်ဟု မိုးဇလက ထုတ်ပြန်ထားသည်။
“ သဘာဝပတ်ဝန်းကျင် ထိခိုက်ခြင်းရဲ့ အဓိကက သစ်တောပြုန်းတီးမှုတွေကြောင့်ပဲ၊ ကမ္ဘာကြီးပူနွေးတာတွေ၊ ရာသီဥတုပြောင်းလဲမှုတွေဖြစ်တာကလည်း အဲဒါကြောင့်ပဲဆိုတာ အားလုံးလက်ခံထားကြပါတယ်။ သစ်တောတွေ မရှိရင် ရေတွေ ဘယ်လိုစီးမလဲ စတဲ့အကြောင်းတွေကို အသိပညာပေးဖို့လည်း လိုအပ်ပါတယ်။ မိုးလေဝသဖြစ်စဉ်တွေက သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုတွေနဲ့ ဆက်စပ်နေတာကြောင့်မို့ လူတွေအနေနဲ့ အရေးကြီးတယ်ဆိုတာ သိဖို့လိုပါတယ်” ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်လုပ်ဆောင်နေသူတစ်ဦးက ပြောသည်။
လက်ရှိတွင်လည်း မြစ်ကြီးနားမြို့မှ စီးဆင်းလာသည့် ဧရာ၀တီမြစ်ရေကြောင်း ဗန်းမော်မြို့တွင်လည်း ရေကြီးရေလျှံမှု ဖြစ်ပွားလျက်ရှိနေပြီး ဒေသခံများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းမှုများ လုပ်ဆောင်လျက်ရှိသည်။
ထို့ပြင် မြစ်ကြီးနားမြို့တွင် ရေကြီးရေလျှံမှုကြောင့် စီတာပူရပ်ကွက်၊ မြေမြင့်ရပ်ကွက်၊ ဒူကထောင်ရပ်ကွင်၊ ခေမာသီရိရပ်ကွက်နှင့် မြို့သစ်ဈေးရပ်ကွက်၊ ကြက်ပေါင်ရပ်ကွက် စသည့်ရပ်ကွက်များရှိ ဒေသခံပြည်သူ ရာနှင့်ချီ ပိတ်မိနေကြောင်း မြို့ခံ လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ NUGPay မှ Disaster Relief Fund အစီအစဉ်ဖြင့် ကချင်ပြည်နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေး ရံပုံငွေများမှ ကူညီလှူဒါန်းသွားမည်ဖြစ်ကြောင့် ယနေ့ (ဇူလိုင်လ ၂ရက်)တွင် NUGPay စီမံဌာနက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများအနက် ၂၀၁၅ခုနှစ်၊ ဇူလိုင်လတွင် ဖြစ်ခဲ့သည့် ရေကြီးရေလျှံမှုသည် အဆိုးဝါးဆုံးဖြစ်ပြီး ပြည်နယ်နှင့်တိုင်း ၁၄ခုအနက် ၁၂ခုအထိ ရေကြီးရေလျှံမှုကို ရင်ဆိုင်ခဲ့ရသည်။
အထက်ပါ ရေကြီးရေလျှံမှု ဖြစ်စဉ်ကြောင့် လူဦးရေ ၁၀၀တစ်ရာကျော်သေဆုံးခဲ့ပြီး အိမ်ထောင်စု လေးသောင်းကျော်နှင့် လူဦးရေ ၁၆သိန်းရေဘေးတွေ့ကြုခဲ့ရကာ၊ လယ်ဧက ခုနှစ်သိန်းကျော် လုံး၀ပျက်စီးခဲ့ပြီး ရေဘေးကြောင့် ထိခိုက်ပျက်စီးမှုသည် ကျပ် ၁၆၅ ဘီလီယံအထိရှိခဲ့သည်ဟု ဦးသိန်းစိန် အစိုးရက ထုတ်ပြန်ခဲ့သည်။
ရေကြီးရေလျှံမှုသည် မိုးတွင်းကာလဖြစ်သည့် ဇွန်လမှ အောက်တိုဘာလအတွင်း ဖြစ်ပွားလေ့ရှိပြီး ဇူလိုင်လနှင့် ဩဂုတ်လတို့တွင် အဖြစ်များကြောင်း သိရသည်။