By Poe Sangle / MPA
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း တိုက်ပွဲ ရှစ်ရက်တာအတွင်း အရပ်သား ၃၀ကျော်သေဆုံးပြီး ၃၀ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအသင်းများထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ ဇွန် ၂၅ရက်မှ စတင်ကာ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်နှင့် သီပေါ့မြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့အကြား တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး TNLA ဘက်မှ မန္တလေး PDF နှင့် ဓနုတပ်မတော်(DPLA) တို့က ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်ပြီး နှစ်ဘက် ထိခိုက် သေဆုံးမှုများရှိသော်လည်း အသေးစိတ် မသိရှိရပေ။
အဆိုပါ ရှစ်တာတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ကျောက်မဲမြို့နယ်သို့ လေကြောင်းနှင့် လက်နက်ကြီးများအသုံးပြုတိုက်ခိုက်ခဲ့ခြင်း ကြောင့် အရပ်သားပြည်သူများ၏ နေအိမ် ၃၀နီးပါးလည်း ပျက်စီးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
“လက်နက်ကြီးကော၊ လေယာဉ်နဲ့ လာဗုံးလာကြဲတာရော အိမ်တွေပျက်သွားတာ ၃၀ နီးပါးတော့ရှိလောက်ပြီ၊ ဘာလို့ လဲဆိုတော့ စစ်တပ်က တစ်နာရီခြားတစ်ခါ လျှောက်ပစ်နေတာ၊ ရပ်ကွက်တစ်ခုကို လက်နက်ကြီး အနည်းဆုံး သုံးလုံးလောက်တော့ကျတယ်။ အရပ်သားလည်း အများကြီးထိတယ်။ အရေအတွက်တော့ သေချာမသိဘူး” ဟု ကျောက်မဲမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ထိုကဲ့သို့ တိုက်ပွဲများပြင်းထန်မှုကြောင့် ကျောက်မဲမြို့တွင် ကလေးငယ်များအပါအဝင် အရပ်သား ၂၀ ဦးသေဆုံးပြီး ၂၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ၊ နောင်ချိုမြို့တွင် အရပ်သား ငါးဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် သီပေါမြို့တွင်လည်း ၂၀၂၄ခုနှစ်၊ ဇူလိုင် တစ်ရက်တွင် စစ်ကောင်စီဘက်က မြို့အတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် စံဖိတ်ရပ်ကွက်၌ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
သီပေါမြို့တွင် တိုက်ပွဲများ ပြင်းထန်စွာ မဖြစ်ပွားသေးသော်လည်း စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများပြုလုပ်သည့်အပြင် ဒေသခံများကိုတိမ်းရှောင်ခွင့်မပြုဘဲ လူသားဒိုင်းအဖြစ် ပြုလုပ်နေကြောင်း သီပေါမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“ သီပေါမှာတော့ တိုက်ပွဲမဖြစ်သေးဘူး။ ဒါပေမဲ့ စစ်တပ်က လမ်းတွေအကုန်ပိတ်ထားတယ်။ ထွက်လမ်းမရှိဘူး။ ဒေသခံတွေကို လူသားဒိုင်းအဖြစ်လုပ်တာ၊ အရင်ပြေးတဲ့သူဆိုရင်တော့ လွတ်သွားတာပေါ့၊ မပြေးသေးတဲ့သူတော့ ပိတ်မိနေတယ်။ ဒါပေမဲ့ မြို့ထဲမှာ ပုံမှန်သွားလာနေတာတော့ရှိတယ်” ဟု သီပေါမြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။
ယင်းအပြင် ၂၀၂၄ခုနှစ် ဇွန် ၂၉ရက်ကလည်း မိုးမိတ်မြို့နယ်၌ စစ်ကောင်စီနှင့် TNLA တို့အကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ရွှေဇာလီကျေးရွာမှ အမျိုးသားတစ်ဦးသေဆုံးပြီး နေအိမ် လေးလုံး ပျက်စီးခဲ့သေးသည်။
လက်ရှိ TNLAနှင့် ပူးပေါင်းတပ်ဖွဲ့များ ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်နှင့် မန္တလေးတိုင်း ၊ မိုးကုတ်မြို့တို့ရှိ စစ်ကောင်စီ၏ ဌာဆိုင်ရာများအပါ တပ်စခန်း စုစုပေါင်း ၃၀ ကျော် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်း ၂၃ ဦးနှင့်အတူး လက်နက်မျိုးစုံ ၁၀၀ ကျော်သိမ်းဆည်းရမိကာ၊ ဗိုလ်မှူးအဆင့်အပါအဝင် ရဲအုပ်နှင့် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် ၅၃ ဦး အလင်းဝင်ခဲ့ကြောင်း ဇွန် ၂၉ရက်က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းတွင် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့ သုံးလနီးပါး တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မဟာမိတ်တပ်ဖွဲ့များဘက်မှ မြို့ပေါင်း ၁၇ မြို့ကို ထိန်းချုပ်နိုင်ခဲ့သည်။
အဆိုပါ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းတွင်လည်း တိုက်ပွဲများကြောင့် ကလေးများအပါအဝင် အရပ်သားသေဆုံးမှု ၁၈၉ဦးအထိရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၃၃၆ဦးရှိခဲ့ကာ ဘာသာရေးအဆောက်အအုံနှင့် အရပ်သားနေအိမ် ရာနှင့်ချီ ပျက်စီးခဲ့သည်။