စစ်ကောင်စီ၏ စစ်လက်နက်ဝယ်ယူမှုဆိုင်ရာ ကုလသမဂ္ဂ၏အစီရင်ခံစာကို မြန်မာဗဟိုဘဏ်က ငြင်းဆိုလိုက်သည်။
ဇွန်လ ၂၆ရက်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်တွမ်အင်ဒရူး ၏ စစ်ကောင်စီ စစ်လက်နက်ပစ္စည်းဝယ်ယူမှုများအတွက် ထိုင်းနိုင်ငံအပါအဝင် နိုင်ငံတကာဘဏ်အချို့၏ အကူအညီ ရရှိခဲ့ကြောင်း အစီရင်ခံစာအပေါ် မြန်မာဗဟိုဘဏ်က ယခုကဲ့သို့ ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။
ကုလသမဂ္ဂ၏ အစီရင်ခံစာသည် မြန်မာနိုင်ငံသူနိုင်ငံသားများ၏ အကျိုးစီးပွားနှင့် မြန်မာနိုင်ငံနှင့် အခြားနိုင်ငံများ၏ ဆက်ဆံရေးကို ဆိုးရွားစွာ ထိခိုက်နစ်နာစေသည် ဟု မြန်မာဗဟိုဘဏ်ကဆို သည်။
ငွေကြေးလွှဲပြောင်းမှုသည် မြန်မာနိုင်ငံနိုင်ငံသူနိုင်ငံသားများအတွက် မရှိမဖြစ်လိုအပ်သော ဆေးဝါးနှင့်ဆေးဘက်ဆိုင်ရာ အထောက်အပံ့များ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး ထောက်ပံ့ရေးပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ စားသုံးဆီနှင့် လောင်စာများ စသည်တို့ကဲ့သို့ ကုန်ပစ္စည်းများနှင့် အခြေခံလိုအပ်ချက်များကို တင်သွင်းခြင်းအတွက်သာ ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြန်မာစစ်တပ်သည် ပြင်းထန်သည့် ပဋိပက္ခများနှင့် ပြိုကျပျက်စီးလာသည့် စီးပွားရေးပြဿနာများကို ရင်ဆိုင်နေရပြီး အနောက်နိုင်ငံများကလည်း ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားသည်။